ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၂ ရက်

 

အာဏာသိမ်း စစ်ခေါင်းဆောင် ရွေးတုသမ္မတ မင်းအောင်လှိုင်သည် လာမည့် ဩဂုတ် ၆ ရက်မှ ၇ ရက်နေ့ထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ လာရောက်ကာ ထိုင်းဝန်ကြီးချုပ် အနုထင် ချာန်ဗီရာကူးလ်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မီဒီယာများကို ဖြေကြားခဲ့သည်။

 

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖူအန်ကတ်ကေအိုက စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ထိုင်းခရီးစဉ်အတွင်း နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ၊ အွန်လိုင်း ငွေလိမ်လည်မှုများ (Scam) နှင့် မူးယစ်ဆေးဝါး ပြဿနာများအပါအဝင် အရေးတကြီး ဖြေရှင်းရမည့် ကိစ္စများကို ဆွေးနွေးသွားမည်ဟု ဆိုသည်။

 

ထို့အပြင် ယခုတွေ့ဆုံမှုသည် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကို စွန့်ပစ်လိုက်ခြင်း မဟုတ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် ရွေးတုသမ္မတ ဖြစ်လာပြီးနောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဒီမိုကရေစီ အတိုက်အခံ အဖွဲ့အစည်းများအတွက် တံခါးဖွင့် ဆွေးနွေးနိုင်မည်ဟု မျှော်လင့်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့သည်။

 

“မြန်မာအစိုးရ(ရွေးတုအစိုးရ)က အာဆီယံ အထူးသံတမန်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် ပေးလိုက်ရင် အဲဒါက တိုးတက်မှုလား၊ ထိုင်း-မြန်မာ နယ်စပ်မှာ အကြမ်းဖက်မှုတွေ လျှော့ချနိုင်ရင် အဲဒါက တိုးတက်မှုလားဆိုတာ ကျွန်တော်တို့ လက်တွေ့ကျကျ စဉ်းစားရမယ်။ အဲဒါတွေက တစ်ညတည်းနဲ့ ဖြစ်လာမှာ မဟုတ်ဘဲ တချို့ တိုးတက်မှုတွေက ဖြည်းဖြည်းချင်းပဲ ဖြစ်လာမှာ ဖြစ်တယ်” ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က သုံးသပ်ပြောဆိုသည်။

 

မကြားမီက ဘန်ကောက်တွင် ကျင်းပခဲ့ပြီး စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေ တက်ရောက်ခဲ့သည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံပွဲတွင် မြန်မာ့အရေး တိုးတက်မှုများကို မည်သို့ တိုင်းတာမည်ဆိုသည့် အချက်ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အတုအယောင် ရွေးကောက်ပွဲမှ ပေါ်ထွက်လာသည့် ရွေးတုသမ္မတအဖြစ် ခံယူအပြီး ပထမဆုံး အာဆီယံနိုင်ငံ ခရီးစဉ်အဖြစ် ပြီးခဲ့သည့် ဇူလိုင် ၃ ရက်နေ့က လာအိုနိုင်ငံသို့ သွားရောက်ခဲ့ပြီး ယခု ဒုတိယခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့ လာရောက်မည် ဖြစ်သည်။

 

ကိုးကား – GMA News
ပုံစာ-လာအိုခရီးစဉ်တွင် တွေ့ရသည့် ရွေးတုသမ္မတ မင်းအောင်လှိုင်နှင့်ဇနီး