ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၁ရက်
ရွေးတုအစိုးရ စစ်တပ်က မြေပြင်တွင် ပုံမှန်အုပ်ချုပ်ရေးယန္တရား လုံးဝ လည်ပတ်နိုင်ခြင်း မရှိတော့သည့် တိုင်းနှင့်ပြည်နယ် ရှစ် ခုမှ မြို့နယ်ပေါင်း ၅၈ မြို့နယ်ကို စစ်အုပ်ချုပ်ရေး သက်တမ်း ရက် ၉၀ ထပ်မံ တိုးမြှင့်ရန် ဇူလိုင် ၂၁ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုလိုက်သည်။
အဆိုပါ စစ်အုပ်ချုပ်ရေး သက်တမ်းတိုးမြှင့်ရေးအတွက် ရွေးတုအစိုးရ၏ ဥပဒေရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာ ထိန်လင်းဦးက တင်ပြခဲ့ခြင်းဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် ငါး ဦးက ထောက်ခံ ဆွေးနွေးကာ အတည်ပြုခဲ့ခြင်းဖြစ်သည်။
“ယခင်ကတည်းက လက်လွှတ်ထားရပြီးဖြစ်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်မှုအောက် ရောက်ရှိ နေတဲ့ နယ်မြေတွေကို ပုံမှန်ဥပဒေနဲ့ မအုပ်ချုပ်နိုင်တော့လို့ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ပြီး ထိန်းချုပ်ဖို့ ကြိုးပမ်းတာ ဖြစ်တယ်။ ဒါဟာ စစ်ရေးအရ ရှုံးနိမ့်မှုကို ဝန်ခံလိုက်တာဖြစ်သလို ဒီနယ်မြေတွေထဲက ပြည်သူတွေအပေါ် မတရား ဖမ်းဆီးတာနဲ့ စစ်ဘက်ဆိုင်ရာ တရားစီရင်ခွင့် အလွဲသုံးပြီး ပိုမိုဖိနှိပ် လာနိုင်တဲ့ အန္တရာယ်လည်းရှိတယ်” ဟု စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်တစ်ဦးက သုံးသပ်သည်။
ယခင်က မြို့နယ် ၆၀ တွင် စစ်အုပ်ချုပ်ရေး ပြဋ္ဌာန်းထားခဲ့သော်လည်း စစ်တပ်က ပြန်လည်ထိန်းချုပ် နိုင်ခဲ့သည်ဟု ဆိုသော ချင်းပြည်နယ်မှ ဖလမ်းနှင့် တွန်းဇံမြို့နယ် တို့ကို ချန်လှပ်ကာ ကျန် ၅၈ မြို့နယ်ကို သက်တမ်း ထပ်တိုးခဲ့ခြင်း ဖြစ်သည်။
စစ်အုပ်ချုပ်ရေး သက်တမ်းတိုးမြှင့်ခံရသည့် မြို့နယ်များမှာ ကချင်ပြည်နယ်မှ ဆွမ်ပရာဘွမ်၊ ရွှေကူ၊ အင်ဂျန်းယန်၊ ဆော့လော်၊ ချီဖွေ၊ ကရင်နီပြည်နယ် မှ ရှားတော၊ ဖားဆောင်း၊ မယ်စဲ့၊ ကရင်ပြည်နယ်မှ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ချင်းပြည်နယ်မှ ကန်ပက်လက်၊ ထန်တလန်၊ ပလက်ဝ၊ မင်းတပ်၊ မတူပီ တို့ ဖြစ်ကြသည်။
ထို့ပြင် စစ်ကိုင်းတိုင်းမှ ကောလင်း၊ ပင်လည်ဘူး၊ ခင်ဦး၊ ဝက်လက်၊ ကနီ၊ ဒီပဲယင်း၊ ပုလဲ၊ အင်းတော်၊ မကွေးတိုင်းမှ ပေါက်၊ မြိုင်၊ ဆော၊ ထီးလင်း၊ ရေစကြိုနှင့် မန္တလေးတိုင်းမှ ငါန်းဇွန်မြို့နယ်တို့ ပါဝင်သည်။
စစ်အုပ်ချုပ်ရေး လုံးဝ ကင်းစင်နယ်မြေ ဖြစ်နေသည့် ရခိုင်ပြည်နယ်မှ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ မောင်တော၊ ဘူသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ သံတွဲ၊ အမ်း၊ တောင်ကုတ်၊ ပေါက်တောနှင့် ရှမ်းပြည်နယ်မှ နမ္မတူ၊ မဘိမ်း၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ သိန္နီ၊ ကွမ်းလုံ၊ နမ့်ဆန်း၊ မန်တုံ၊ ဟိုပန်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မိုးမိတ်၊ ကျောက်မဲ၊ သီပေါ၊ မိုင်းလောက် တို့လည်း ပါဝင်ကြောင်း သိရသည်။
ဓာတ်ပုံ-လူမှုကွန်ရက်(ပုံဟောင်း)