ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၁ ရက်
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ယာယီလက်ထောက် အတွင်းရေးမှူးချုပ် Indrika Ratwatte ဦးဆောင်သော UNOCHA အဖွဲ့သည် ရွေးတုဒုတိယသမ္မတ ညိုစော ပါဝင်သော အဖွဲ့ကို .မန်နေ့ ဇူလိုင် ၂၀ ရက်ကနေပြည်တော်တွင် သွားရောက်တွေ့ဆုံခဲ့သည်။
ရွေးတုအစိုးရစစ်တပ်သည် ရခိုင်၊ စစ်ကိုင်း အပါအဝင် နိုင်ငံတစ်ဝန်းရှိ အရပ်သားပြည်သူများ နေထိုင်ရာ ဒေသများကို ပစ်မှတ်ထား၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းကြောင့် နိုင်ငံအတွင်း အရေးပေါ် အကူအညီလိုအပ်နေသည့် အရပ်သားပြည်သူ ၁၆ သန်းကျော်ရှိလာချိန်တွင် သွားရောက် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
အဆိုပါတွေ့ဆုံပွဲတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု၊ ငလျင်အလွန် ပြန်လည်ထူထောင်ရေးနှင့် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်ဟု ဆိုထားသည်။ ထို့ပြင် ရွေးတုအစိုးရဘက်က ၂၀၂၅ ခုနှစ် အတုအယောင် ရွေးကောက်ပွဲ ကျင်းပနိုင်မှုနှင့် မြန်မာ့နိုင်ငံရေး အခြေအနေများကို ပြောဆိုခဲ့ပြီး ရွေးတုအစိုးရ၏လူကယ်ပြန်ဝန်ကြီး ဒေါက်တာ စိုးဝင်းနှင့် လည်း သီးခြားတွေ့ဆုံခဲ့သည်။

“UNOCHA အနေနဲ့ မြေပြင်မှာ လက်တွေ့ အရပ်သားတွေကို ဗုံးကြဲတာတွေ၊ အကူအညီ ပိတ်ဆို့ထား တာတွေကို သိပေမဲ့ ဘေးဒုက္ခရောက်နေတဲ့ အရပ်သားတွေဆီ နည်းနည်းဖြစ်ဖြစ်အကူအညီ ရဖို့ သံတမန်ရေးအရ မဖြစ်မနေ တွေ့ဆုံရတာမျိုး ဖြစ်မယ်။ စာရွက်ပေါ်က သဘောတူညီချက်ထက် မြေပြင်မှာ အရပ်သားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်တာတွေ တကယ် လျော့သွားခြင်း ရှိမရှိဆို တာကိုပဲ ဆက်စောင့်ကြည့်ရမယ်” ဟု နိုင်ငံရေးအကဲခတ်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲတွင် ပါဝင် နေပြီး မကြာသေးမီက မကွေးတိုင်းအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် လူပေါင်း တစ်သိန်း ကျော် ထပ်မံ နေရပ်စွန့်ခွာခဲ့ရကာ နိုင်ငံတစ်ဝန်း စစ်ဘေးဒဏ်ကြောင့် ပြေးလွှားနေရသူ ၃ ဒသမ ၈ သန်းနီးပါး ရှိလာကြောင်း UNOCHA က ထုတ်ပြန်ထားသည်။

ထို့ပြင် ရွေးတုအစိုးရစစ်တပ်သည် ရခိုင်ပြည်နယ်အတွင်းရှိ အရပ်သားများရှိရာ ဒေသများ၊ စစ်ကိုင်း တိုင်းနှင့် အခြားတိုင်းနှင့်ပြည်နယ်များရှိ စစ်ဘေးရှောင်စခန်းများ၊ စာသင်ကျောင်းများနှင့် ဆေးရုံများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး ပစ်ခတ်မှုများ စဉ်ဆက်မပြတ် ပြုလုပ်လျက် ရှိကြောင်း ကုလသမဂ္ဂနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများ၏ အစီရင်ခံစာများက ထောက်ပြထားသည်။
စစ်တပ်သည် လူသားချင်းစာနာမှု အကူအညီများကို နိုင်ငံရေးနှင့် စစ်ရေးလက်နက်သဖွယ် အသုံးပြုနေပြီး စစ်ဘေးဒဏ်ခံနေရသည့် အရပ်သားပြည်သူများရှိရာသို့ ကူညီနိုင်မည့် လမ်းကြောင်း များကို တင်းကျပ်စွာ ပိတ်ဆို့ထားကြောင်း နိုင်ငံရေးအကဲခတ်များက ဝေဖန်ထားသည်။
အဆိုပါတွေ့ဆုံပွဲတွင် ရွေးတုအစိုးရဘက်က ဟန်ပြ ကတိကဝတ်များနှင့် လျှောက်လဲချက်များ ပေးခဲ့သော်လည်း မြေပြင်တွင် အရပ်သားများအပေါ် ဖိနှိပ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။
ဓာတ်ပုံ – MOI , စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်