ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၁ရက်
ကသာခရိုင် အမှတ် (၅) တပ်ရင်း နယ်မြေအတွင်း နေထိုင်ကြသည့် ပြည်သူများအနေဖြင့် ရွေးတုအစိုးရ စစ်တပ်နှင့် လုံးဝ (လုံးဝ) ပတ်သက်ဆက်နွယ်ခြင်းမပြုရန်နှင့် လမ်းပိုင်းအချို့တွင် ညမထွက်ရအမိန့် သတ်မှတ်လိုက်ကြောင်း ယမန်နေ့ ဇူလိုင် ၂၀ ရက် ရက်စွဲဖြင့် သတိပေးချက်နှင့် အမိန့်ထုတ်ပြန်ချက်များ ထုတ်ပြန်လိုက်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ၊ အမှတ် (၁) စစ်ဒေသ၊ ကသာခရိုင် အမှတ် (၅) တပ်ရင်းက နယ်မြေအတွင်း နေထိုင်ကြသော မိဘပြည်သူများအနေဖြင့် ရွှေတူးဖော်ရေးလုပ်ငန်းနှင့် တခြားသော စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေကြသူများအားလုံး စစ်တပ်နှင့် ပတ်သက်ဆက်နွယ်ခြင်း၊ သွေးစွန်းငွေ ဖြစ်ပေါ်စေခြင်းများ မပြုလုပ်ကြရန် အလေးအနက် သတိပေးထားသည်။
ထို့အပြင် စစ်တပ်ထံ သတင်းပေးခြင်း၊ သတင်းယူခြင်းနှင့် သူလျှို (ဒလန်) လုပ်ငန်းများ မပြုလုပ်ကြရန် တား မြစ်ထားပြီး မည်သည့်အကြောင်းပြချက်ဖြင့်မဆို တော်လှန်ရေးတစ်ရပ်လုံးအား နစ်နာစေမည့် စစ်တပ်နှင့် ပူးပေါင်းမှုမျိုး၊ ပတ်သက်ဆက်နွယ်မှုမျိုးကို လုံးဝမပြုလုပ်ကြရန် ဖော်ပြထားသည်။
သတိပေးချက်များကို လိုက်နာခြင်းမရှိဘဲ စစ်တပ်နှင့် ဆက်လက်ပူးပေါင်း ပတ်သက်နေပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြင်းထန်စွာ သတိပေးထားသည်။
တစ်ဆက်တည်းမှာပင် ကသာခရိုင်အတွင်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခြင်းကြောင့် လမ်းပိုင်းအချို့ကို အချိန်ကန့်သတ်ချက်ဖြင့် သွားလာခွင့် ပိတ်ပင်သည့် အမိန့် ကိုလည်း ထုတ်ပြန် ထားသည်။
ရွေးတုအစိုးရ စစ်တပ်သည် ဧရာအရှေ့ခြမ်း၊ မန္တလေး-ဗန်းမော် ပြည်ထောင်စုလမ်းမကြီးလမ်းပိုင်းနှင့် အင်းကြီး-ညောင်ပင်ကွင်းလမ်း အပါအဝင် ပြည်ထောင်စုလမ်းမကြီးမှ ခွဲထွက်သော လမ်းသွယ်များ အားလုံးကို အသုံးပြုကာ အရပ်သားကားများကို ချောဆွဲ၍ လူအင်အားနှင့် စစ်လက်နက်ခဲယမ်းများ သယ်ယူပို့ဆောင်နေခြင်းကြောင့် ပြည်သူများ ထိခိုက်နစ်နာမှုမရှိစေရန် ယခုကဲ့သို့ ကန့်သတ်ရခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကသာခရိုင် အမှတ် (၅) တပ်ရင်း နယ်မြေအတွင်းရှိ လမ်းပိုင်းဧရိယာများကို ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၂၀ ရက်နေ့မှစတင်ကာ ည ၇ နာရီမှ နံနက် ၅ နာရီအတွင်း ထိုလမ်းပိုင်းများနှင့် လမ်းသွယ်များအား သွားလာခြင်း မပြုလုပ်ကြရန် သတိပေးထားသည်။
ဒေသခံ ပြည်သူများအနေဖြင့် ယခုဒေသန္တရထုတ်ပြန်ချက်ကို သိရှိပြီး လေးစားလိုက်နာပေးကြရန် မေတ္တာရပ်ခံထားပြီး လိုက်နာခြင်းမရှိသည့်အတွက် ဖြစ်ပေါ်လာသော နောက်ဆက်တွဲပြဿနာများနှင့် စည်းကမ်းမဲ့မှုများ၏ ပြဿနာများကို တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်း ဖော်ပြထားသည်။
အဆိုပါ အချိန်ကန့်သတ်ချက် အမိန့်အား ပြန်လည်ရုပ်သိမ်းမည့် ရက်အတိအကျကို နောက်ထပ် ထုတ်ပြန်ချက်ဖြင့် ပြန်လည်အသိပေးသွားမည်ဖြစ်ကြောင်း ကသာခရိုင် အမှတ် (၅) တပ်ရင်းမှူး၏ လက်မှတ်ဖြင့် ထုတ်ပြန်ထားသည်။
ဓာတ်ပုံ-လူမှုကွန်ရက်