ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၁ ရက်

 

ရွေးတုအစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) တို့သည် ဇူလိုင် ၁၉ ရက်က နေပြည်တော်၌ တရားဝင်တွေ့ဆုံပြီး ဆွေးနွေးချက်မှတ်တမ်းကို လက်မှတ်ရေးထိုးခဲ့ကြသည်။

 

အဆိုပါတွေ့ဆုံပွဲတွင် PSLF/TNLA ဘက်က “တအာင်းဒေသသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အခြားပြည်နယ်များနှင့် တန်းတူ စီမံအုပ်ချုပ်ခွင့်ရရှိရေးနှင့် ပြည်ထောင်စုမှ လုံးဝခွဲမထွက်ဘဲ အတူတကွ တည်ဆောက်ရန်” ရည်မှန်းထားကြောင်း ထည့်သွင်းဆွေးနွေးခဲ့သည်။ ထို့ပြင် ရွေးတုသမ္မတနှင့် NSPNC တို့၏ ရက် ၁၀၀ ငြိမ်းချမ်းရေးကြိုးပမ်းမှု အစီအစဉ်တွင် ပူးပေါင်းဆောင်ရွက်ရန်လည်း သဘောတူခဲ့သည်။

 

ဆွေးနွေးပွဲအတွင်း TNLA ဘက်က ထိန်းချုပ်ဒေသများကို တရားဝင် “တအာင်းပြည်နယ်” အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သော်လည်း ရွေးတုအစိုးရဘက်က ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပေးအပ်ထားပြီးဖြစ်ကြောင်းနှင့် ပြည်နယ်တောင်းဆိုမှုကို လွှတ်တော်မှတစ်ဆင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။

အဆိုပါအခြေအနေနှင့် ပတ်သက်၍ CDM ဗိုလ်ကြီးဇင်ယော်က စစ်တပ်ဘက်က အထက်စီးမှ တုံ့ပြန်ထားသကဲ့သို့ ရှိသော်လည်း စစ်ရှုံးထားသည့်အတွက် TNLA ၏ တောင်းဆိုချက်များကို လိုက်လျောရမည့် အခြေအနေတွင် ရှိကြောင်း ပြောကြားထားသည်။

 

“စစ်တပ်က စာရွက်ပေါ်မှာ မာမာကျောကျောနဲ့ တုံ့ပြန်ထားတာတွေ့ရပေမဲ့ TNLA တောင်းဆိုသမျှ လိုက်ရောရမယ့် အနေအထားပါ။ စစ်နိုင်ထားတာက TNLA ၊ စစ်ရှုံးထားတာက စစ်တပ်ဖြစ်နေလို့ စစ်နိုင်သူတွေရဲ့ လိုလားချက်ကို တောင်းဆိုတဲ့ အနေအထားမျိုးဖြစ်ပြီး စာရွက်ပေါ်မှာတော့ လှအောင် ရေးထားရတာပါ” ဟု CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ထို့ပြငိ ဟိုင်ဂင်သဘောတူညီချက်နှင့် အပစ်အခတ်ရပ်စဲရေးကို လေးစားလိုက်နာရန်၊ နမ့်ခမ်းနှင့် မိုင်းဝီးတို့၌ လွှဲပြောင်းပေးရေးဆိုင်ရာများ၊ တရုတ်- မြန်မာ နယ်စပ်တည်ငြိမ်ရေး၊ ကုန်သွယ်ရေးလမ်း ကြောင်းများ လုံခြုံချောမွေ့စေရေး၊ လောင်းကစားနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စသည့် ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။

 

အဆိုပါတွေ့ဆုံပွဲသည် နိုင်ငံရေးအရ အပြီးသတ် သဘောတူညီချက် စာချုပ်ချုပ်ဆိုခြင်း မဟုတ်ဘဲ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည့် “ဆွေးနွေးချက်မှတ်တမ်း “တွင် နှစ်ဖက်ကိုယ်စားလှယ်များ လက်မှတ်ရေးထိုးခဲ့သည်။

 

“TNLA ဘက်က ဒီလိုရေးသားချက်ကို လက်ခံလိုက်တာဟာ ဒုတိယအကြိမ် နမ့်ဆန်းမှာ ပြန်တွေ့တဲ့အခါ သူတို့လိုချင်တာတွေ ရရှိဖို့ စစ်တပ်ဘက်က လွှတ်တော်ကနေ ပြင်ဆင်ပေးမယ့် အနေအထားမို့လို့ လက်မှတ်ထိုးတာလို့ ယူဆပါတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ဆိုသည်။

 

အဆိုပါတွေ့ဆုံဆွေးနွေးပွဲ မှတ်တမ်းကို NSPNC အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင် နှင့် PSLF/TNLA ဒုတိယဥက္ကဋ္ဌ (၁) တားဂျုတ်ဂျား တို့က လက်မှတ်ရေးထိုးခဲ့ကြပြီး ဒုတိယအကြိမ် ဆွေးနွေးပွဲကို နမ့်ဆန်းမြို့၌ ကျင်းပရန် ရွေးတုအစိုးရဘက်က အဆိုပြုထားသည်။

 

ဓာတ်ပုံ-ရွေးတုအစိုးရ၊