ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၀ ရက်

 

စစ်တပ် အာဏာသိမ်း ၅ နှစ်တာကာလတွင် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် လုံလောက်သည့် ဆေးကုသခွင့်များမရရှိမှုကြောင့် မတရားဖမ်းဆီးထိန်းသိမ်းခံရစဉ်အတွင်း သေဆုံးခဲ့ရသည့် နိုင်ငံရေး အကျဉ်းသားအရေအတွက် ၁၄၈ ဦးအထိ ရှိလာပြီဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသား များကွန်ရက် (PPNM)ထံက သိရသည်။

 

PPNM ၏ အစီရင်ခံစာအရ ၂၀၂၁ ခုနှစ်၊ ဇူလိုင်မှ ၂၀၂၆ ခုနှစ် မေအထိ ၅ နှစ်တာကာလအတွင်း နိုင်ငံတစ်ဝန်းရှိထောင်ပေါင်း ၃၂ ခု၌ သေဆုံးမှုများ ဖြစ်ပွားခဲ့ပြီး သေဆုံးသူများအနက် အမျိုးသား နိုင်ငံရေးအကျဉ်းသား ၈၆ ရာခိုင်နှုန်းအထိသေဆုံးကာ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ ၁၃ ရာခိုင်နှုန်းနှင့် LGBT ၁ ရာခိုင်နှုန်း ပါဝင်ကြောင်း သိရသည်။

 

သေဆုံး အသက်အရွယ်အပိုင်းအခြားများမှာ အသက် ၃၆ နှစ်မှ ၅၅ နှစ်ကြားရှိ လုပ်ငန်းခွင် ဝင်နိုင်သည့် အရွယ်များ အများဆုံးဖြစ်ပြီး အသက် ၁၇ နှစ်အောက် ကလေးနှင့် လူငယ် နှစ် ဦးအပြင် အသက် ၇၀ ကျော် သက်ကြီးရွယ်အိုများလည်း ပါဝင်နေကြောင်း သိရသည်။

ရွေးတုအစိုးရသည် အကျဉ်းထောင်များ ကျန်းမာရေးစောင့်ရှောက်မှုအပေါ် ဒုတိယဦးစားပေးသာ သတ်မှတ် ထားခြင်းနှင့် အချိန်မီဆေးကုသခွင့် ကန့်သတ်ထားခြင်းတို့ကြောင့် နိုင်ငံရေးအကျဉ်းသား များသည် ကုသ၍ရသည့် ရောဂါများဖြင့်ပင် အသက်ဆုံးရှုံးနေရသည်။

 

နိုင်ကျဉ်းအများစု သေဆုံးရသည့် အကြောင်းအရင်းများမှာ နှလုံးရောဂါ၊ အသည်းပျက်စီးခြင်း၊ သွေးတိုး၊ ဆီးချိုနှင့် ကင်ဆာ၊ နာတာရှည်ရောဂါများကြောင့် အများဆုံးဖြစ်ပြီး စစ်ဆေးမေးမြန်းစဉ်ရရှိခဲ့သည့် ညှဉ်းပန်းနှိပ်စက်မှုဒဏ်များကြောင့် သေဆုံးရမှုမှာ ခုနစ် မှု အထိရှိခဲ့ကြောင်း သိရသည်။

 

ထို့ပြင် အရေးပေါ်ခွဲစိတ်ကုသရန်လိုအပ်သည့် အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ပြဿနာများ၊ ပြင်းထန်သော ဖျားနာမှုနှင့် အာဟာရချို့တဲ့မှုများကြောင့်လည်း အသက်ဆုံးရှုံးမှုများရှိနေပြီး ရန်ကုန် အင်းစိန်ထောင်မှာ နိုင်ကျဉ်းသေဆုံးမှု အများဆုံးထောင်တစ်ခုဖြစ်ကြောင်းသိရသည်။

 

ရွေးတုသမ္မတမင်းအောင်လှိုင်ခေါင်းဆောင်သည့် စစ်အုပ်စုကမူ နိုင်ငံရေးအကျဉ်းသားများ လုံလောက် သည့် ဆေးကုသမှုများရရှိသည်ဟု နိုင်ငံတကာသို့ လူသိရှင်ကြားလိမ်လည် ပြောဆိုလျက်ရှိသည်။

 

အချိန်မီဆေးကုသခွင့်ရပါ ရှင်သန်နိုင်သော်လည်း နိုင်ကျဉ်းများကို ဆေးကုသခွင့်ပိတ်ဆို့ကာ သေဆုံး စေခဲ့သည့် ဖြစ်စဉ်တိုင်းအတွက် ရွေးတုသမ္မတ မင်းအောင်လှိုင်၊ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်းတို့၏ဒေါက်တိုင်ဖြစ်သည့် ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းများအားလုံးတွင် တိုက်ရိုက်တာဝန်ရှိပြီး ကျူးလွန်ခဲ့သည့် ပြစ်မှုများအတွက် တာဝန်ခံရမည်ဖြစ်ကြောင်းလည်း PPNM က ထုတ်ပြန်ထားသည်။

 

ထို့ပြင် ပြီးခဲ့သည့် ဇူလိုင် ၁၂ ရက်နေ့ကလည်း ပေါင်းတည်ထောင်တွင် မတရားအကျဉ်းကျခံနေရသည့် အသက် (၇၂) နှစ် အရွယ် နိုင်ငံရေးအကျဉ်းသားဦးထွန်းမြင့်မှာ ထောင်တွင်းကျန်းမာရေး စောင့်ရှောက် မှု မလုံလောက်ခြင်းနှင့် အစာအာဟာရ ကောင်းစွာမရရှိခြင်းတို့ကြောင့် သေဆုံးခဲ့ရကြောင်း PPNM ထုတ်ပြန်ချက်အရ သိရသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်(ပုံဟောင်း)