ဧရာဝတီတိုင်းမ်
‎ဇူလိုင် ၂၀ ရက်

 

အရှေ့တောင်အာရှ ဒေသတွင်း လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများ ရှိနေပြီး အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများကြောင့် ၂၀၂၅ ခုနှစ်အတွင်း အမေရိကန်နိုင်ငံသားများ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံခန့် ဆုံးရှုံးခဲ့ရကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါ အွန်လိုင်းလိမ်လည်မှု ကွန်ရက်များ ဖြိုခွင်းရာတွင် ကူညီနိုင်ရေးနှင့် တရားမဝင် ဒုစရိုက် လုပ်ငန်းများ၌ အဓမ္မခိုင်းစေခံရမှုဆိုင်ရာ အများပြည်သူ အသိပညာပေး အစီအစဉ်တစ်ခုကို အမေရိကန်သံရုံးနှင့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (IOM) မြန်မာတို့ ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။

ယင်းအွန်လိုင်း လိမ်လည်မှု လုပ်ငန်းကြီးများ၏ နောက်ကွယ်တွင် ပြင်းထန်ဆိုးဝါးလှသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေပြီး နိုင်ငံဖြတ်ကျော် ဒုစရိုက်ကွန်ရက်များသည် အလုပ်အကိုင် ရှာဖွေနေသူများနှင့် ထိခိုက်လွယ်သူများကို လူကုန်ကူးကာ အခြားသူများကို ပြန်လည်လိမ်လည်ရန် အတင်းအကျပ် ခိုင်းစေနေကြကြောင်း သိရသည်။

 

ထို့ပြင် လူပေါင်းများစွာသည် မတရား အဓမ္မခိုင်းစေခံရပြီး ဒုစရိုက်မှုများအတွင်း ပိတ်မိနေကြရသည်။

 

“အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) ရုံများအတွင်းမှ ထွက်ခွာနိုင်ရန်အတွက် အခြားသူများကို အလားတူ ကျားဖြန့်လုပ်ငန်းများထဲသို့ အတင်းအကျပ် ထပ်ဆင့် စည်းရုံးခေါ်ယူ ခိုင်းစေခံရခြင်းသည် နောက်တစ်ကြိမ် ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရခြင်း ဖြစ်သည်” ဟု IOM မြန်မာက ထုတ်ပြန်သည်။

 

လူကုန်ကူးသူများသည် စီးပွားရေး အခက်အခဲ ကြုံတွေ့နေရသူများနှင့် ပိုမိုကောင်းမွန်သည့် အခွင့်အလမ်း များကို မျှော်လင့်နေသူများကို အဓိက ပစ်မှတ်ထား လိမ်လည်လှည့်ဖြားလေ့ရှိကြောင်း IOM မြန်မာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ပိုင် ‘ရောင်နီဦး’ ဝင်းအတွင်းရှိ တရုတ်အွန်လိုင်းငွေလိမ် ကုမ္ပဏီများထံသို့ လူကုန်ကူးခံရသူများရှိပြီး ယင်းမှ တစ်ဆင့် တရုတ်နိုင်ငံရှိ မြေရှားသတ္တုတွင်းများသို့ ထပ်မံ လူကုန်ကူးခံရသူများလည်း ရှိနေကြောင်း ပြီးခဲ့သည့် မေလအတွင်းတွင် ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်က ထုတ်ပြန်ထားသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်