ဆောင်းပါးရှင် – စစ်ဝေးသော်
ဧရာ၀တီတိုင်းမ်/ဇူလိုင် ၂၀ ရက်
၂၀၂၆ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ စပိန်ကို တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာက အာဂျင်တီးနားအတွက် နာကျင်စရာရလဒ်တစ်ခုပါ။ ဒါပေမယ့် အဲ့ဒီညက အာဂျင်တီးနား ဆုံးရှုံးခဲ့တာဟာ ဖလားတစ်လုံးတည်း မဟုတ်ပါဘူး။
ကမ္ဘာ့ချန်ပီယံအသင်းတစ်သင်းအနေနဲ့ ထိန်းသိမ်းသင့်တဲ့ဂုဏ်သိက္ခာကိုပါ ဆုံးရှုံးခဲ့တဲ့ညလို့ဆိုရမှာ ဖြစ်ပါတယ်။
အားကစားဆိုတာ နိုင်သူရှိသလို ရှုံးသူလည်း ရှိစမြဲပါ။ ဒါပေမယ့် ရှုံးနိမ့်တဲ့ပုံစံကတော့ အသင်းရဲ့အဆင့်အတန်းကို ဖော်ပြပေးပါတယ်။
ပွဲချိန်အတွင်း အာဂျင်တီးနားကစားသမားတချို့ရဲ့ အပြုအမူတွေက ၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံအသင်းလို့ မထင်ရလောက်အောင်ကို ဆိုးရွားကြမ်းတမ်းခဲ့ပါတယ်။
တကယ်တော့ အာဂျင်တိုင်းသားတွေ ကစားပုံကြမ်းတမ်းခဲ့တာက အခုမှ မဟုတ်ပါဘူး။ အီဂျစ်နဲ့ပွဲစဥ်၊ အင်္ဂလန်နဲ့ပွဲစဥ်တွေမှာလည်း အခုလိုအလားတူကြမ်းတမ်းတဲ့ကစားဟန်တွေကိုကမ္ဘာ့ဘောလုံးပရိသတ်တွေ မြင်ခဲ့ရပါတယ်။
ပရိသတ်တချို့ဆိုရင် အာဂျင်တီးနားကစားပုံဟာ ဘောလုံးကစားနေတာနဲ့မတူဘဲ သွေးဆာနေတဲ့ ကျားရဲတကောင်အမဲလိုက်နေသလို ဖြစ်နေတယ်လို့တောင် မှတ်ချက်ပြုကြပါတယ်။
ဒိုင်လူကြီးကို ဝိုင်းဖိအားပေးတာ၊ ပြိုင်ဘက်ကစားသမားတွေနဲ့ မလိုအပ်ဘဲ အချင်းများတာ၊ ပွဲပြီးခါနီးမှာ စိတ်ခံစားချက်ကို မထိန်းနိုင်တဲ့ လုပ်ရပ်တွေက ကမ္ဘာ့ဗိုလ်လုပွဲတစ်ပွဲရဲ့ အဆင့်အတန်းနဲ့ မကိုက်ညီခဲ့ပါဘူး။
ကမ္ဘာ့ချန်ပီယံဆိုတာ ဖလားကိုင်ထားလို့ ဖြစ်တာမဟုတ်ပါဘူး။ အနိုင်ရချိန်မှာ ဘယ်လိုပြုမူသလဲဆိုတာထက်၊ ရှုံးနိမ့်ချိန်မှာ ဘယ်လောက်အထိ တည်ငြိမ်နိုင်သလဲဆိုတာက ပိုအရေးကြီးပါတယ်။
ဒီအချက်မှာ စပိန်က ပိုပြီး အမှတ်ရသွားခဲ့ပါတယ်။ ဂိုးတစ်ဂိုးအသာနဲ့ ဦးဆောင်နေပေမယ့် အချိန်ဆွဲတဲ့ အပြုအမူတွေ များများစားစား မလုပ်ခဲ့သလို၊ ပြိုင်ဘက်ကို မလေးမစားလုပ်တာ၊ ရန်စဖို့ ကြိုးစားတာမျိုးလည်း မတွေ့ရပါဘူး။
နောက်ဆုံးဝီစီသံ မြည်ပြီးချိန်မှာတော့ သူတို့ပျော်ရွှင်စွာ အောင်ပွဲခံကြသလို ရှုံးနိမ့်ခဲ့တဲ့ အာဂျင်တီးနား ကစားသမားတွေအပေါ် နှစ်သိမ့်ပေးတာ၊ လေးစားမှုပြသတာတွေ လုပ်ခဲ့ပါတယ်။
တကယ်တော့ အာဂျင်တီးနားဟာ ဒီပြိုင်ပွဲတစ်လျှောက် ကစားပုံကောင်းခဲ့တဲ့ အသင်းတစ်သင်းပါ။ ကွင်းလယ်ဒိုင်တွေရဲ့ အငြင်းပွားဖွယ်ရာဆုံးဖြတ်ချက်တွေ ရှိခဲ့တာမှန်သော်လည်း အာဂျင်တီးနား ကစားသမားတွေ အရည်အချင်းရှိလို့သာ ဗိုလ်လုပွဲအထိ တက်လာနိုင်တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။
မက်ဆီရဲ့ ဦးဆောင်မှု၊ အသင်းလိုက် စည်းလုံးမှု၊ အနိုင်မခံ အရှုံးမပေးတဲ့စိတ်ဓာတ်တွေနဲ့ ရှုံးနေရာကနေ Comeback ပြန်လာပြီး အနိုင်ယူခဲ့တဲ့ခြေစွမ်းကောင်းတွေ ပြသခဲ့တဲ့အသင်းပါ။
ဒါပေမယ့် ဗိုလ်လုပွဲညမှာ လူတွေ ပြန်ပြောနေကြတာက သူတို့ရဲ့ ဘောလုံးအရည်အသွေးထက် အငြင်းပွားဖွယ် အပြုအမူတွေ ဖြစ်နေခဲ့တာကတော့ အာဂျင်တီးနားအတွက် ပိုပြီးနာကျင်စရာ ဖြစ်ခဲ့ပါတယ်။
ဒီနေ့ လူမှုကွန်ရက်တွေမှာ ဆွေးနွေးနေကြတာလည်း “စပိန် ဘယ်လောက်ကောင်းလဲ” ဆိုတာထက် “အာဂျင်တီးနား ဘာကြောင့် ဒီလောက် စိတ်မထိန်းနိုင်ခဲ့တာလဲ” ဆိုတဲ့ မေးခွန်းက ပိုများနေပါတယ်။ အဲဒီအချက်ကပဲ သူတို့ဘာတွေ ဆုံးရှုံးခဲ့သလဲဆိုတာကို ထင်ဟပ်ပြသနေပါတယ်။
ဘောလုံးသမိုင်းမှာ ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံတွေ အများကြီးရှိခဲ့ပါတယ်။ ဒါပေမယ့် ရှုံးနိမ့်ပြီးတာတောင် လူတွေရဲ့ လေးစားမှုကို ဆက်လက်ရရှိခဲ့တဲ့အသင်းတွေ အများကြီးရှိပါတယ်။ အကြောင်းရင်းကတော့ သူတို့ဟာ ရလဒ်ကို လက်ခံခဲ့ကြပြီး အားကစားစိတ်ဓာတ်ကို နောက်ဆုံးအချိန်အထိ ထိန်းသိမ်းပြသခဲ့လို့ပါပဲ။
အာဂျင်တီးနားအတွက်တော့ ၂၀၂၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲဟာ “ဖလားလွဲခဲ့တဲ့ည” ထက် ပိုပြီး “သိက္ခာကို ထိခိုက်စေခဲ့တဲ့ည” အဖြစ် အမှတ်ရသွားနိုင်ပါတယ်။
ဘောလုံးမှာ ဖလားတွေ ပြန်လည်ဆွတ်ခူးနိုင်ပါတယ်။ ဒီကနေ့ရှုံးပွဲကိုလည်း နောက်ထပ်နိုင်ပွဲတွေနဲ့ အစားထိုးလို့ ရကောင်းရနိုင်ပါတယ်။ ဒါပေမယ့် ကမ္ဘာ့ပရိသတ်တွေရဲ့ လေးစားမှုကို ပြန်ရဖို့ကတော့ ဖလားတစ်လုံး ပြန်ရတာထက် ပိုခက်ခဲပါတယ်။
ဒါကြောင့် ၂၀၂၆ ကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီးမှာ အာဂျင်တီးနား ဆုံးရှုံးခဲ့တာဟာ ချန်ပီယံဆုတစ်လုံးတည်း မဟုတ်ဘဲ ကမ္ဘာ့ချန်ပီယံတစ်သင်းအဖြစ် ထိန်းသိမ်းသင့်တဲ့ ဂုဏ်သိက္ခာကိုပါ ဆုံးရှုံးခဲ့တယ်လို့ ဆိုရမှာပါ။
(ဤဆောင်းပါးသည် စာရေးသူ၏ အမြင်သုံးသပ်ချက် (Opinion) ဖြစ်ပြီး မတူညီသော အမြင်များလည်း ရှိနိုင်ပါသည်။