‎ဧရာဝတီတိုင်းမ်
‎ဇူလိုင် ၂၀ ရက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း စစ်ရေးတိုက်ပွဲများ ဆက်လက်ပြင်းထန်နေသော်လည်း နယ်မြေဒေသ အေးချမ်းတည်ငြိမ်နေသယောင် ပြသနိုင်ရေးအတွက် တောင်ပြုံးပွဲတော်သို့ လာရောက် ကြရန် ရွေးတုအစိုးရ၏ ဝါဒဖြန့် သတင်းစာမှတစ်ဆင့် ကြော်ငြာဖိတ်ခေါ်ထားကြောင်း သိရသည်။

 

မတ္တရာမြို့နယ်၊ တောင်ပြုံးကျေးရွာအုပ်စု၌ ကျင်းပမည့် တောင်ပြုံးပွဲတော်အား လာမည့် ဩဂုတ် ၂၁ ရက်မှ ၂၈ ရက် အထိ ကျင်းပမည်ဖြစ်ပြီး “နယ်မြေဒေသ အခြေအနေသည် အေးချမ်းတည်ငြိမ် လျက်ရှိသည်” ဟု ပွဲတော်ကျင်းပရေးကော်မတီက ယနေ့ ဇူလိုင် ၂၀ ရက်ထုတ် ရွေးတုအစိုးရ၏ ဝါဒဖြန့် သတင်းစာတွင် ကြော်ငြာ ထည့်သွင်းဖော်ပြထားသည်။

အနော်ရထာမင်းကြီး တည်ထားကိုးကွယ်ခဲ့သော သမိုင်းဝင် တောင်ပြုံးဆုတောင်းပြည့်၊ ဆုတောင်းရ မြတ်စွာဘုရား ဗုဒ္ဓပူဇနိယ ဆွမ်းတော်ကြီးလောင်းလှူပွဲနှင့် တောင်ပြုံးအရှင်နှစ်ပါးပွဲတော်သို့ ဘုရားဖူး များ၊ ရိုးရာဓလေ့ ကိုးကွယ်သူများနှင့် ဈေးသူ/ဈေးသားများ စိတ်အေးချမ်းသာစွာ လာရောက် နိုင်ကြောင်း ဆိုထားသည်။

 

ရွေးတုအစိုးရ၏ ဝါဒဖြန့် သတင်းစာတွင် ထိုသို ထည့်သွင်းဖော်ပြနေသော်လည်း မြေပြင်တွင် မတ္တရာ မြို့နယ်အရှေ့ခြမ်းနှင့် ပုသိမ်ကြီးမြို့နယ်အစပ်တွင် စစ်ရေးအခြေအနေများ တင်းမာလျက် ရှိသည်။

 

မတ္တရာမြို့နယ် အနောက်ခြမ်းတွင်လည်း ရွေးတုအစိုးရ စစ်တပ်၏ တပ်စွဲထားရာ အချက်အချာကျသည့် သဲအင်းကျေးရွာနှင့် ရှင်လှတောင်ကျေးရွာရှိ စစ်အထိုင်စခန်းများကို ပြီးခဲ့သည့် ဇွန် ၂၇ ရက် နံနက်ပိုင်းတွင် မတ္တရာမြို့နယ် ပကဖ၊ ပြင်ဦးလွင်ခရိုင် အမှတ် (၁) တပ်ရင်း၊ မန်းခရိုင် ပကဖ၊ Generation Z Power (GZP-Mandalay) နှင့် No More Dictatorship People Defence Force (NMD) စသည့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။


အဆိုပါ တိုက်ပွဲအတွင်း သဲအင်းရွာရှိ စစ်တပ်ထံမှ ထိခိုက်သေဆုံးမှု များပြားခဲ့ပြီး ကျန်ရှိသော စစ်တပ်ဖွဲ့ဝင်များ တပ်ပျက်ကာ ထွက်ပြေးသွားခဲ့ကြောင်း NMD တပ်ဖွဲ့၏ ထုတ်ပြန်ထားသည်။

 

ရွေးတုအစိုးရသည် နယ်မြေဒေသ အေးချမ်းတည်ငြိမ်နေသည်ဟု ဟန်ပြလိုသည့်အတွက် လွန်ခဲ့သည့် ၂၀၂၅ ခုနှစ်ကလည်း စစ်တပ်နှင့်ပျူစောထီးများက တောင်ပြုံးပွဲတော် နတ်နန်းတွင်းအထိ နေရာယူ၍ ပွဲတော် စည်းကားစေရန် အတင်းအကျပ် ကျင်းပခဲ့သည်။ ထို့အတူ ၂၀၂၄ ခုနှစ် ရှမ်း-မန်း စစ်ဆင် ရေးအတွင်း တိုက်ပွဲများ ပြင်းထန်နေချိန်၌လည်း တောင်ပြုံးပွဲတော်ကို အကျဉ်းချုံး ကျင်းပခဲ့ဖူးသည်။

 

ဓာတ်ပုံ – mg
ပုံစာ – စစ်တပ် အာဏာမသိမ်းခင် ၂၀၁၉ ခုနှစ်က ကျင်းပသော တောင်ပြုံးပွဲတော်တွင် လူဦးရေသိန်းနှင့်ချီတက်ရောက်သည်ကို တွေ့မြင်ရစဉ်( ပုံဟောင်း)