ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၀ ရက်
ရခိုင်ပြည်နယ်၊ မြို့တော် စစ်တွေအနီးထိ တိုက်ပွဲများ ဖြစ်လာပြီးနောက် ရွေးတုအစိုးရစစ်တပ်က ဗျူဟာမြောက် နယ်မြေများ လက်လွှတ်မခံရရေးအတွက် လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူဖြင့် အသည်းအသန် ခုခံကာကွယ်နေရကြောင်း မြေပြင်သတင်းများအရ သိရသည်။
စစ်တပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ပုဏ္ဏားကျွန်းမြို့နယ်ကို ပြန်လည်စစ်ဆင်ရန် အတွက် စစ်တွေမြို့မှတစ်ဆင့် စစ်ကြောင်းများနှင့် သံချပ်ကာကားများကို မင်းချောင်းတံတားအနီးအထိ ချဉ်းကပ်ပြင်ဆင်ခဲ့သည်။
သို့သော်လည်း AA ဘက်က စစ်တွေမြို့အထွက်ရှိ ရေချမ်းပြင်ကျေးရွာဘက်တွင် ထိတွေ့တိုက်ပွဲများ ဖော်ဆောင်ခဲ့ရာ တိုက်ပွဲများ ပြင်းထန်လာပြီး လေကြောင်းတိုက်ခိုက်မှုများအထိ ပြုလုပ်ခဲ့ရကြောင်း သိရသည်။

”ရေချမ်းပြင်လမ်းဆုံကို AA က ထိန်းချုပ်နိုင်ပါက စစ်တွေမြို့နှင့် စစ်တပ် တပ်စခန်းများ၏ ဆက်သွယ် ရေးလမ်းကြောင်း ပြတ်တောက်သွားမည်ဖြစ်ပြီး စစ်တပ်အနေဖြင့် စစ်တွေမြို့ကို ရသည့်နည်းဖြင့် ပြန်လည်ကာကွယ်ရမည့် အခြေအနေသို့ ဆိုက်ရောက်နေသည်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။
လက်ရှိတွင် AA သည် စစ်တွေမြို့နယ်ရှိ ရွှေမင်းဂံ၊ ကံ့ကော်ကျွန်းနှင့် အမြင့်ကျွန်း အစရှိသည့် နယ်မြေ များမှတစ်ဆင့် အနီးကပ် ထိန်းချုပ်ထားပြီး နာရီကန်နှင့် ကျားမသောက် စသည့် နယ်မြေများအထိ စိမ့်ဝင်ထိုးဖောက် တိုက်ခိုက်လျက်ရှိသည်။
ယခု တိုက်ပွဲဖြစ်ပွားနေသည့် ရေချမ်းပြင်သည် စစ်တွေမြို့၏ အဓိကနေရာဖြစ်သော ဗန္ဓုလလမ်းဆုံနှင့် ၁ မိုင်ခန့်သာ ဝေးကွာပြီး သက္ကယ်ပြင်အခြေစိုက် နပခ (အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်) ကိုပါ အနီးကပ် ခြိမ်းခြောက်ဖိအားပေးနိုင်သည့် အနေအထားသို့ ရောက်ရှိလာသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၇ရက်နေ့က ရရှိသော သတင်းအချက်အလက်များအရ ရေချမ်းပြင်နှင့် ကြပ်တောပြင် တိုက်ပွဲများအတွင်း လက်နက်ငယ်ဖြင့် အပြန်အလှန် ပစ်ခတ်မှုများအပြင် အနီးကပ် အလုံးစုံ ဝိုင်းရံပိတ်ဆို့မှုများပါ ဖြစ်ပွားနေကြောင်း သိရသည်။
ရေချမ်းပြင်တွင် တပ်မတော်ဆေးရုံ တဆရ ၁၇/၁၀၀၊ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ရင်း ထပရ ၈၂၈၊ ခလရ ၂၇၀ တို့အစဉ်လိုက်တည်ရှိသည်။
စစ်တွေမြို့ပတ်ဝန်းကျင်တွင် တိုက်ပွဲများ မပြင်းထန်မီ ဇူလိုင် ၁၃ ရက်နှင့် ၁၄ ရက်များတွင် စစ်တွေအခြေစိုက် ဒကစ၊ ရဲတပ်ရင်း (၁၂) နှင့် ခလရ (၂၀) တို့က မြို့ပြင်ရှိ AA ထိန်းချုပ်နယ်မြေများသို့ လက်နက်ကြီးများဖြင့် စတင်ပစ်ခတ် ရန်စခဲ့ကြောင်း သိရသည်။
ထို့နောက် တိုက်ပွဲများ မြို့အနီး ကပ်လာချိန်တွင် စစ်တပ်က လေကြောင်းပစ်ကူကို အလွန်အကျွံသုံးကာ ဇူလိုင် ၁၅ ရက်တွင် ပေါက်တောမြို့နယ်ကို လည်းကောင်း၊ ဇူလိုင် ၁၉ ရက် ယမန်နေ့ တွင် ပုဏ္ဏားကျွန်း မြို့နယ်ကို လည်းကောင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။
ဓာတ်ပုံ-လူမှုကွန်ရက်(ပုံဟောင်း)