ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၀ရက်
မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာတွင် ပြည်သူလူထု၏ ယုံကြည်မှုနှင့် တရားဝင်ဆင့်လွှဲအာဏာ ရရှိထားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် ကိုယ်စားပြုမှုရှိသော နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားအင်အားစုများ အပြည့်အဝပါဝင်မှု မရှိပါက ပြည်သူ့ယုံကြည်မှုရရှိရန် ခက်ခဲလိမ့်မည်ဖြစ်ကြောင်း NLD ဗဟိုအလုပ် ကော်မတီက ယနေ့ ဇူလိုင် ၂၀ ရက်တွင် သဘောထားထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်သည်။
မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးအတွက် ကုလသမဂ္ဂ၊ အာဆီယံနှင့် မိတ်ဆွေနိုင်ငံများ၏ ကြိုးပမ်းမှုများနှင့် အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အဓိကမူဘောင်အဖြစ် ဆက်လက်အတည်ပြုခြင်းအပေါ် ကြိုဆိုကြောင်း ဖော်ပြထားသည်။
NLD အနေဖြင့် လက်ရှိအခြေအနေကို ကျော်လွှားရန်အတွက် မရှိမဖြစ် လိုအပ်သည့်အကြမ်းဖက်မှု များရပ်တန့်ရေး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရေး၊ လူသားချင်းစာနာမှုအကူအညီများ ရောက်ရှိစေရေး၊အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေးတို့ကို ထောက်ပြသည်။

”နိုင်ငံရေးအကျဉ်းသားများကို ဆက်လက်ထိန်းသိမ်းထားခြင်းသည် မြန်မာ့အကျပ်အတည်းဖြေရှင်းရာ၌ အဓိကအတားအဆီးတရပ်အဖြစ် တည်ရှိနေပြီး ၎င်းတို့လွတ်လပ်စွာ ပါဝင်ဆွေးနွေးနိုင်မှသာ ပဋိပက္ခချုပ်ငြိမ်းရေးကို အရှိန်မြှင့်တင်နိုင်မည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“အားလုံးပါဝင်ရေး” ဆိုသည့် အခြေခံမူသည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုက သောင်ပြိုကမ်းပြို မဲပေးရွေးချယ်ခဲ့သည့် NLD ပါတီနှင့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတကာက အသိအမှတ်ပြုထားသည့် အင်အားစုများ ပါဝင်မှသာ ထိရောက်မည်ဖြစ်ကြောင်း NLD က ဆိုထားသည်။
ထို့ပြင် မြန်မာ့ပြဿနာ၏ မူလအကြောင်းအရင်းမှာ ပြည်သူ့ဆန္ဒကို ဆန့်ကျင်ကာ လက်နက်အားကိုးဖြင့် အာဏာသိမ်းယူခဲ့ခြင်းကြောင့်ဖြစ်ပြီး အာဆီယံအနေဖြင့် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ရာတွင် လက်တွေ့ဆန်ရန် လိုအပ်သော်လည်း “အတုအယောင်ရွေးကောက်ပွဲ” မှ ပေါ်ပေါက်လာသည့် အုပ်ချုပ်ရေးယန္တရားကို အသိအမှတ်ပြုသည့်အဆင့်သို့ မရောက်ရှိသွားစေရန် အထူးသတိပြုရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် သတိပေးထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံရေးပြဿနာများကို တွေ့ဆုံညှိနှိုင်းအဖြေရှာသည့် နိုင်ငံရေး နည်းလမ်းဖြင့်သာ ဖြေရှင်းရမည်ဟု အစဉ်အမြဲ ကိုင်စွဲထားသည်။ အနာဂတ် ဒီမိုကရေစီဖက်ဒ ရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် ပြည်သူ့ဆန္ဒ၊ ဒီမိုကရေစီအခြေခံမူများနှင့် ဥပဒေ စိုးမိုးရေး တို့ကိုသာ အခြေခံရမည်ဖြစ်ကြောင်း NLD ဗဟိုအလုပ်ကော်မတီ၏ သဘောထား ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပုံစာ-လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်။