ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၀ ရက်

ပီရူးနိုင်ငံအလယ်ပိုင်း ဂျူနင်းဒေသမှာ စနေနေ့ညပိုင်းက ငလျင်နှစ်ကြိမ် ဆက်တိုက်လှုပ်ခတ်ခဲ့ တာကြောင့် လူ ၆ ဦးထက်မနည်း သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရကာ ရာနဲ့ချီတဲ့ ပြည်သူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ ရပါတယ်။

ပီရူး အမျိုးသား ငလျင်စောင့်ကြည့်ရေးဗဟိုဌာနရဲ့ ထုတ်ပြန်ချက်အရ မြို့တော် လီမာရဲ့ အရှေ့ ဘက် ကီလိုမီတာ ၃၀၀ အကွာကို ဗဟိုပြုပြီး ပမာဏ ၅ ဒသမ ၁ နဲ့ ၃ ဒသမ ၇ ရှိတဲ့ ငလျင်နှစ်ခု ဆက်တိုက် လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ပီရူး အမျိုးသား ဘေးအန္တရာယ် ကာကွယ်ရေးအဖွဲ့ရဲ့ အဆိုအရ နေအိမ် ၄၈ လုံး ပြိုကျပျက်စီးခဲ့ပြီး ၁၈ လုံး ထိခိုက်ခဲ့တာကြောင့် ဘေးဒုက္ခသည် ၃၀၀ နီးပါးအတွက် အရေးပေါ် ကယ်ဆယ်ရေးစခန်းတွေနဲ့ တဲတွေကို အာဏာပိုင်တွေက စီစဉ်ပေးနေရပါတယ်။
ထိခိုက်သွားတဲ့ တောင်ပေါ်ဒေသက အဆောက်အအုံ အများစုဟာ ရွှံ့အုတ်တွေနဲ့ ဆောက်လုပ် ထားတာကြောင့် ငလျင်ဒဏ်ကို မခံနိုင်ဘဲ ပြိုကျခဲ့ရတာ ဖြစ်ပါတယ်။

အနီးအပါးမှာရှိတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေဟာ တနင်္ဂနွေနေ့ နံနက်ပိုင်း မှာပဲ အပျက်အစီးတွေကို စတင်ဖယ်ရှားနေပြီး ပြိုကျသွားတဲ့ အဆောက်အအုံတွေအောက် ပိတ်မိနေသူ တွေ ရှိနိုင်တာကြောင့် ရှာဖွေရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပါတယ်။

ပီရူးနိုင်ငံဟာ ကမ္ဘာ့ငလျင် ၈၅ ရာခိုင်နှုန်းခန့် ဖြစ်ပွားရာ ပစိဖိတ် မီးကွင်းဇုန်ပေါ်မှာ တည်ရှိနေတာ ကြောင့် ငလျင်ဘေးအန္တရာယ် မကြာခဏ ကြုံတွေ့ရလေ့ရှိတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။

ကိုးကား – India Today
Ref; 6 dead, 21 injured after twin earthquakes in Peru; hundreds displaced