ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၀ ရက်
ရခိုင်ပြည်နယ်အတွင်း လက်ရှိကြုံတွေ့နေရသည့် ပြင်းထန်သော ရေဘေးသင့်မှုဖြစ်စဉ်တွင် ပြည်သူ များ၏ အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်းကူညီပေးနိုင်ရန်အတွက် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ (ULA/AA) ထံသို့ ကနဦးအလှူငွေအဖြစ် တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (မြန်မာငွေကျပ်သိန်း၉၀၀ ကျော်) ကို ယမန်နေ့ ဇူလိုင် ၁၉ ရက်နေ့က ပံ့ပိုးကူညီ ခဲ့ကြောင်း သိရသည်။
ယခုပံ့ပိုးမှုသည် ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ရင်ဆိုင်နေရချိန်တွင် ကယ်ဆယ်ရေး လုပ်ငန်းစဉ်များ၌ ထိရောက်စွာ အသုံးပြုနိုင်ရန် ရည်ရွယ်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီဖြစ်ကြောင်း NUG က ဆိုသည်။

အဆိုပါ ကူညီပံ့ပိုးမှုနှင့်ပတ်သက်၍ ရခိုင်ပြည်သူတစ်ရပ်လုံးနှင့် ULA/AA အစိုးရတို့က အထူးကျေးဇူး တင်ရှိပြီး လေးလေးနက်နက် ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ဖော်ပြထားသည့် ဂုဏ်ပြုမှတ်တမ်း လွှာတစ်စောင်ကို ပြန်လည်ပေးပို့ခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ရခိုင်ပြည်သူများနှင့်အတူ ထပ်တူထပ်မျှ ဆက်လက်ရပ်တည် သွားမည်ဖြစ်ပြီး နောင်တွင်လည်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများနှင့် ရေဘေးလွန်ပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် တတ်နိုင်သမျှ ဆက်လက်ပံ့ပိုးကူညီသွားရန် အစီအစဉ်ရှိကြောင်း သိရသည်။
မကြာသေးမီက ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ရေကြီးနစ်မြုပ်မှုများနှင့် ကမ်းပါးပြိုကျမှုများ ဖြစ်ပေါ် ခဲ့ပြီး ဒေသခံ ၁သိန်းကျော် ကူညီမှုများလိုအပ်ခဲ့သည်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ဒေသတွင်း အကူအညီများပံ့ပိုးပေးနေပြီး ဒေသခံအများစုမှာ သောက်သုံးရေ၊ စားနပ်ရိက္ခာနှင့် နေထိုင်ရေး အတွက် အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။
ပုံစာ-ရခိုင်ပြည်နယ်အတွင်းကြုံတွေ့နေသည့် ရေကြီးရေလျှံမှုမြင်ကွင်း၊ လူမှုကွန်ရက်