ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၀ရက်
ရခိုင်ပြည်နယ်အတွင်းရှိ မအီ၊ သံတွဲနှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့ကို ရွေးတုအစိုးရစစ်တပ်က ယမန်နေ့ အာဇာနည်နေ့ ဇူလိုင် ၁၉ ရက်တွင် လေကြောင်းမှ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ငါး ဦး သေဆုံးပြီး ရဟန်းသံဃာတော်များနှင့် ကလေးငယ်များအပါအဝင်၂၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားသည်။
စစ်တပ်သည် ယမန်နေ့ ဇူလိုင် ၁၉ရက်၊ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်က တောင်ကုတ်မြို့နယ်၊ မအီမြို့ အမှတ် (၂) နှင့် အမှတ် (၃) ရပ်ကွက်များသို့ ဂျက်ဖိုက်တာတစ်စင်းဖြင့် ပေါင် ၃၀၀ ဗုံး သုံးလုံး ကြဲချခဲ့ရာ အရပ်သား ပြည်သူ ငါး ဦး သေဆုံးပြီး သံဃာတော်တစ်ပါးနှင့် ကလေးငယ်များအပါအဝင် ပြည်သူ ၂၂ ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် ခရစ်ယာန်ဘုရားကျောင်းတစ်ဆောင်နှင့် နေအိမ် ၂၀ ကျော် ပျက်စီး သွားကြောင်း သိရသည်။

ထို့အတူ ညနေ ၄ နာရီကျော်တွင် သံတွဲမြို့အတွင်းသို့ ဂျက်တိုက်လေယာဉ်များဖြင့် နာရီဝက်နီးပါးကြာ ၅ ကြိမ်တိုင်တိုင် ဗုံးကြဲခြင်းနှင့် စက်သေနတ်ဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သဖြင့် အရပ်သား လေးဦး ဒဏ်ရာရရှိကာ နေအိမ်အချို့ ပျက်စီးခဲ့သည်။
ဆက်လက်၍ ညနေ ၆ နာရီ ၃၀မိနစ်တွင်လည်း ပုဏ္ဏားကျွန်းမြို့နယ် တောင်ပေါက်ကျေးရွာနှင့် ရေပေါက်ချောင်းခွဆုံအနီးသို့လည်း ပေါင် ၃၀၀ ဗုံး နှစ် လုံး ကြဲချတိုက်ခိုက်ခဲ့သဖြင့် သံဃာတော် နှစ် ပါးနှင့် အရပ်သား တစ် ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရွေးတုအစိုးရစစ်တပ်သည် ယမန်နေ့ အာဇာနည်နေ့ တစ်ရက်တည်းတွင် ရခိုင်ပြည်နယ်ရှိ မြို့ သုံးမြို့ကို လေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ခြင်းကြောင့် စုစုပေါင်း အရပ်သား ငါး ဦး သေဆုံးကာ သံဃာတော် သုံး ပါးအပါအဝင် ၂၇ ဦး ဒဏ်ရာရရှိခဲ့သည်။
ယခုကဲ့သို့ တိုက်ခိုက်မှုများသည် လက်ရှိ ရက် ၁၀၀ အတွင်း ငြိမ်းချမ်းရေးဖိတ်ခေါ်မှုနှင့် တွေ့ဆုံမှုများ အပေါ် အပြောနှင့်အလုပ် ထပ်တူကျမှု ရှိ၊ မရှိ မေးခွန်းထုတ်စရာဖြစ်ကြောင်းနှင့် ရွေးတုအစိုးရစစ်တပ်၏ ထိုးစစ်များကို မိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်သူများနှင့်အတူ လက်တွဲတုံ့ပြန်သွားမည်ဖြစ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က အသိပေးထုတ်ပြန်ထားသည်။
ဓာတ်ပုံ-AA Info Desk