ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၀ရက်
ရခိုင်ပြည်နယ်၊ ကျောက်တော်နှင့်မြောက်ဦးရှိ ကျေးရွာများကို ရွေးတုအစိုးရစစ်တပ်က ဂျက်ဖိုက်တာ အုပ်လိုက်နှင့် Y-12 လေယာဉ်များသုံး၍ ဗုံးအလုံးရေအမြောက်အမြား ကြဲချတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
ယနေ့ ဇူလိုင် ၂၀ရက် နေ့လယ် ၂ နာရီကျော်ခန့်မှစတင်ကာ ကျော်တော်မြို့နယ် ဇီးချောင်းဆည် ဝန်းကျင်နှင့် မြောက်ဦးရှိ ကျောက်ဆည်ပြင်၊ ကျောက်ကျပ်ရွာအနီးတို့ကို တစ်နာရီခန့်ကြာသည်အထိ ဗုံးအလုံးရေ ဆယ်ချီဖြင့် လာရောက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ရွေးတုအစိုးရ စစ်တပ်သည် ဂျက်ဖိုက်တာသုံးစင်း၊ Y 12တစ်စီးတို့ဖြင့် ဗုံးအလုံးရေ ၅၀ ခန့်ကို လှည့်ပတ်ကြဲချတိုက်ခိုက်ခဲ့ပြီး အဆိုပါ လေယာဉ်အုပ်စုမှာ တံတားဦးနှင့် နေပြည်တော်လေတပ်တို့မှ တက်လာကြောင်း လေကြောင်းသတိပေး ဝေဟင်ကလည်း အသိပေးထားသည်။
”လေယာဉ်တွေဝဲတက်လာကတည်းက ဒေသခံတွေအကုန်ပုန်းကြတာ။ ဘယ်ကိုကြဲမယ်မသိပေမယ့် လေ ကြောင်း အသိကရှိနေပြီ။ သေတာလည်းများခဲ့ပြီလေ။ အခုကြဲတာတော့ ဘယ်လောက်ထိတယ် တော့ မသိရသေးဘူး” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်တပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေများကို နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ထားပြီး ယမန်နေ့ အာဇာနည်နေ့တွင်ပင် ရခိုင်ပြည်နယ်ရှိ မြို့သုံးမြို့ကို ဗုံးပတ်ကြဲခဲ့သည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မအီ၊ သံတွဲနှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့မှ အရပ်သား ငါးဦးသေဆုံးပြီး ၂၇ဦးဒဏ်ရာရရှိခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ-လူမှုကွန်ရက်