နိုရာ/‎ဧရာဝတီတိုင်းမ်
‎ဇူလိုင် ၁၉ ရက်

‎”ကျွန်ုပ်တို့ဟာ ဒီတိုင်းပြည်မှာ အစိုးရဖြစ်အောင် အတင်းအဓမ္မလုပ်လာလို့ အစိုးရဖြစ်တာ မဟုတ်ဘူး။ တိုင်းပြည်လူထုရဲ့ ထောက်ခံမှုနဲ့ ကျွန်ုပ်တို့ အစိုးရဖြစ်နေတာ။ တိုင်းပြည်က မကြည်ညိုဘူးဆိုတာ ကျွန်ုပ်တို့ သိတဲ့တနေ့မှာ ကျွန်ုပ်တို့လည်း မနေဘူး၊ တွယ်မနေပါဘူး၊ ထွက်မှာပါပဲ” ဟု အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် သမိုင်းဝင်မိန့်ခွန်းသည် ယနေ့ခေတ် မြန်မာ့နိုင်ငံရေးအခြေအနေနှင့် နှိုင်းယှဉ်လျှင် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသည်။

တိုင်းပြည်က မကြည်ညိုပါက ချက်ချင်းထွက်ပေးမည့် စစ်မှန်သော ပြည်သူ့စစ်သားကြီးနှင့် ယနေ့ အချိန်တွင် ပြည်သူက လုံးဝလက်မခံသည့်တိုင် အာဏာလုယူ၍ လေယာဉ်ဖြင့် ဗုံးကြဲကာ အတင်းအဓမ္မ အုပ်ချုပ်နေသော အယောင်ဆောင် စစ်ခေါင်းဆောင်တို့၏ ဖြစ်တည်မှုသည် ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေတော့သည်။

‎အာဏာသိမ်းစစ်ခေါင်းဆောင် ဦးဆောင်သည့် အစိုးရတုသည် ပြည်သူလူထု၏ ထောက်ခံမှု လုံးဝ မရှိတော့သည့်နောက်တွင် အာဏာကို လက်မလွှတ်နိုင်လောက်အောင် ရူးသွပ်ခဲ့ကြသည်။ ထောက်ခံသူ မရှိ၍ နောက်ဆုံးတစ်ယောက်တည်း ကျန်သည့်တိုင် အဆိုပါ တစ်ယောက်တည်းဖြင့်ပင် တိုင်းပြည်ကို ဆက်လက်အုပ်ချုပ်မည်ဟူသော အာဏာရူးသွပ်မှုမျိုးကို ပြောင်ပြောင်တင်းတင်း ပြသခဲ့သည်။

မိမိတို့၏ ပုံရိပ်ဆိုးများကို ဖုံးကွယ်ရန်နှင့် ပြည်သူလူထုထံမှ တန်ပြန်မေးခွန်းများ၊ ရှုတ်ချမှုများ မလာနိုင်စေရန်အတွက် ပြည်သူတစ်ရပ်လုံး လေးစားကြည်ညိုကြသည့် တပ်မတော်၏ဖခင် ဗိုလ်ချုပ် အောင်ဆန်း၏ မိန့်ခွန်းများကိုလည်း စစ်တပ်က ဗြောင်ကျကျ အသုံးချ၍ ဝါဒဖြန့်ခဲ့ကြသည်။

“ဗိုလ်ချုပ်ရဲ့ ရွေးကောက်ပွဲမိန့်ခွန်းတွေကို တစ်ရက်မပျက် စစ်တပ်လက်ဝေခံ သတင်းစာမှာထည့်ပြီး ပြည်သူကိုခြိမ်းခြောက်တာ အရွံဆုံးပဲ။ အခုကျတော့ ဗိုလ်ချုပ်ရုပ်တုတွေလိုက်ခိုးဖျက်နေတာ ဘာသ ဘောလဲ” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ဝေဖန်သည်။

အာဏာလု စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အရပ်သားအစိုးရက “မဲလိမ်မဲခိုးသည်” ဟု အကြောင်းပြကာ မတရားအာဏာသိမ်းခဲ့သော်လည်း ကိုယ်တိုင် သက်သေပြနိုင်မည့် မဲစာရင်း၊ မဲလက်မှတ်နှင့် စာရွက်စာတမ်းများကို အစဉ်တစိုက် မီးရှို့ဖျက်ဆီးခဲ့သည်။

ပြည်သူက မလိုလားသော အုပ်ချုပ်ရေးစနစ်ကို ဆွဲဆန့်ရန်အတွက် “ယာယီအုပ်ချုပ်ရေးသက်တမ်းတိုး” ဟုဆိုကာ ၆ လတစ်ကြိမ် အာဏာသက်တမ်းကို တိုးမြှင့်ခဲ့သည်။ စစ်ကောင်စီနှင့် စစ်ကော်မရှင်စသည့် အဖွဲ့အစည်းပေါင်းစုံကို ဖွဲ့စည်းပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဥက္ကဋ္ဌရာထူးမှ မဆင်းခဲ့ သည့်အပြင်၊ မိမိကိုယ်တိုင် ပြန်လည်ခန့်အပ်သည့် အကြောင်းကြားစာ စာရွက်တစ်ရွက်တည်း ဖြင့် နိုင်ငံ၏ ယာယီသမ္မတနေရာကိုပါ မရှက်မကြောက် ရယူခဲ့သည်။

“ပြည်သူကြည်ညိုတာတွေ၊ မကြည်ညိုတာတွေမသိဘူး။ အာဏာလက်ဝယ်ရရှိရေးသာအဓိက ဗိုလ်ချုပ် ရဲ့ လမ်းစဉ်နဲ့ နိဗ္ဗာန်တစ်လမ်း၊ ငရဲတစ်လမ်းပေါ့ဗျာ” ဟု လေ့လာသုံးသပ်သူက ဆိုသည်။

‎အဆုံးတွင်မူ နိုင်ငံတကာနှင့် အာဆီယံအဖွဲ့ကြား မျက်နှာပွင့်ရန်အတွက် နိုင်ငံအနှံ့ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ကာ အတုအယောင် ရွေးကောက်ပွဲတစ်ခုကို ဖန်တီးခဲ့ပြီး ယာယီသမ္မတမှသည် အတု အယောင်ရွေးကောက်ပွဲမှ ပေါ်ထွက်လာသည့် “နိုင်ငံတော်သမ္မတ” သို့မဟုတ် ရွေးတုသမ္မတ ဂုဏ်ပုဒ် အထိ အဓမ္မ ရယူရပ်တည်ခဲ့သည်။

ပြည်သူလူထုက ၎င်းတို့ကို လုံးဝမကြည်ညို၊ မလိုလားမှန်း သိရှိသောကြောင့် ထောက်ခံမှုမပြုသည့် ပြည်သူများကို “အကြမ်းဖက်” ဟု တံဆိပ်ကပ်ကာ ပြောင်ပြောင်တင်းတင်း ဗုံးကြဲသတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည်။

ပြည်သူ ၃၃ ဦး သေဆုံးပြီး ၇၆ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် ရခိုင်မြောက်ဦးဆေးရုံ ဗုံးကြဲသတ်ဖြတ်မှု၊ စစ်ရှောင်နှင့် ဒေသခံ ၈၀ ကျော် ထိခိုက်သေဆုံးခဲ့ရသည့် ကသာ ဘုန်းကြီးကျောင်း ဗုံးကြဲခံရမှုများကို စစ်အုပ်စုက “အကြမ်းဖက်နှင့် အကြမ်းဖက်အားပေးများကို နှိမ်နင်းခြင်းဖြစ်သည်” ဟု လူသားချင်း စာနာစိတ် ကင်းမဲ့စွာ ထုတ်ပြန်ကြေညာခဲ့သည်။

‎ထိုကဲ့သို့ ဖက်ဆစ်သန္ဓေရှိသော စစ်အုပ်စုသည် ယနေ့ကျရောက်သည့် (၇၉) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် ပြည်သူ့အကျိုးကို ရှေးရှုခဲ့ကြသည့် စစ်မှန်သော အာဇာနည်များကို တက်ရောက် ဂါရဝပြုရဲလောက်အောင် အရှက်သိက္ခာ ကင်းမဲ့နေသည်မှာ နှလုံးနာဖွယ် ရွံရှာဖွယ်ကောင်းလှသည်ဟု ပြည်သူများက သတ်မှတ်ကြသည်။

ထို့အပြင် စစ်အုပ်စုကအမြဲ အသုံးချလေ့ရှိသော ဗိုလ်ချုပ်အောင်ဆန်း၏သမီး၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုမူ ပြည်သူကြားထဲ ခေါ်ထုတ်လာဝံ့ခြင်း မရှိဘဲ၊ ယနေ့တိုင် အသက်ရှင် နေကြောင်းကိုပင် သက်သေမပြနိုင်သေးပေ။ အဆိုပါလုပ်ရပ်များသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် သမီးဖြစ်သူတို့၏ သမိုင်းကြောင်းများကို ပြည်သူ့ရင်ထဲမှ ဖျောက်ဖျက်ပစ်ရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ရှင်းလင်းထင်ရှားနေပေသည်။

ပြည်သူလူထု၏ ထောက်ခံမှု တစိုးတစိမျှ မရရှိဘဲ အတုအယောင်ရွေးကောက်ပွဲဖြင့် တရားဝင်မှုရှာရန် ကြိုးပမ်းနေသည့် စစ်အုပ်စုသည် လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရင်ဆိုင်နေရသော စစ်ရေးမျက်နှာစာများ၌ အရေးနိမ့်မှုများနှင့် ရင်ဆိုင်နေရသည်။

စစ်တပ်သည် ၎င်းတို့၏ ပြိုလဲလုနီးပါးဖြစ်နေသော စစ်မျက်နှာများကို ကျားကန်ရန်အတွက် မြန်မာ့လူငယ်ထုကို ပစ်မှတ်ထားကာ စစ်မှုထမ်းစာရင်းသွင်း၍ အတင်းအဓမ္မ ရှေ့တန်းပို့ဆောင်ခြင်း နည်းလမ်းဖြင့် တိုက်ပွဲများကို ဆက်လက်ဖော်ဆောင်နေသည်။ မြန်မာ့နိုင်ငံရေးလေ့လာသူများနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ သုံးသပ်ချက်အရ တိုင်းပြည်က မကြည်ညိုသည့်တိုင် စစ်အုပ်စုသည် နိုင်ငံ့အာဏာကို လက်လွှတ်ရန် အနည်းငယ်မျှ စိတ်ကူးမရှိဘဲ အာဏာတည်မြဲရေးအတွက် အရည်အသွေးထက် အရည်အတွက် (လူအင်အား) ကိုသာ အားကိုးပြီး တိုက်ပွဲများကို ဆင်နွှဲနေသည်။

သို့သော်လည်း အဆိုပါ ဖော်ဆောင်မှုများတွင် စစ်တပ်တပ်ဖွဲ့ဝင်များသည် အုံလိုက်ကျင်းလိုက် သေဆုံးခြင်း၊ ဒဏ်ရာရခြင်း၊ ထွက်ပြေးတိမ်းရှောင်ခြင်းနှင့် အစုလိုက်အပြုံလိုက် လက်နက်ချခြင်း တို့နှင့်သာ ရင်ဆိုင်နေရပြီး စစ်ရေးအရ အရှုံးကြီးရှုံးနေသည့် အခြေအနေသို့ ရောက်ရှိနေသည်။

စစ်ရေးအရ အထိနာနေသော စစ်အုပ်စုသည် မိမိတို့နှင့် ရင်ဆိုင်တိုက်ခိုက်နေသည့် တိုင်းရင်းသား တော်လှန် ရေးတပ်ဖွဲ့များကို ကိုယ်တိုင်တိုက်ခိုက်နိုင်စွမ်း မရှိတော့သဖြင့် တရုတ်နိုင်ငံ၏ ထောက်ပံ့မှုနှင့် ဩဇာမကင်းသည့် တော်လှန်ရေးအဖွဲ့အစည်းများကို တရုတ်နိုင်ငံ၏ ဖိအားပေးမှုဖြင့် အပစ်ရပ်စဲစေရန်နှင့် လက်နက်ထောက်ပံ့မှုများ ရပ်တန့်သွားစေရန် ကြိုးပမ်းခဲ့သည်။

စစ်အုပ်စု၏ ကိုယ်ပိုင်စစ်ရေးနှင့် နိုင်ငံရေး ကြိုးစားအားထုတ်မှုမှာ ဗလာနတ္ထိဖြစ်နေပြီး အဆိုပါ အပစ်ရပ်စဲရေး သဘောတူညီမှုများ ရရှိရန်အတွက် မြန်မာနိုင်ငံ၏ ရေရှည်အကျိုးစီးပွားများနှင့် တရုတ်နိုင်ငံက တောင်းဆိုသည့် လိုအပ်ချက်မှန်သမျှ ပေးအပ်ခဲ့ရသည်။

အခြားတစ်ဖက်တွင်လည်း တရုတ်နိုင်ငံ၏ ဩဇာသက်ရောက်မှု တိုက်ရိုက်မရှိဘဲ စစ်ရေး၊ နိုင်ငံရေး အင်အားတောင့်တင်းလာသည့် အာရက္ခတပ်တော် (AA) ကဲ့သို့သော အဖွဲ့အစည်းများကိုမူ စစ်အုပ်စုသည် စစ်ရေးအရလည်းမနိုင်၊ နိုင်ငံရေးနည်းဗျူဟာအရလည်း မယှဉ်နိုင်ဖြစ်နေသည်။ ထို့ကြောင့် ၎င်းတို့ လုပ်ဆောင်နေကျ နည်းလမ်းဟောင်းအတိုင်း AA အုပ်ချုပ်ရာ နယ်မြေများရှိ အပြစ်မဲ့အရပ် သားပြည်သူများကို ပစ်မှတ်ထား၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်သည့် စစ်ရာဇဝတ်မှုများ ကို ဗြောင်ကျကျ ကျူးလွန်လာနေသည်။

ပြည်သူလူထုတစ်ရပ်လုံးက ရွံရှာမကြည်ညိုသော်လည်း စစ်အုပ်စုသည် ၎င်းတို့၏ နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် အခွင့်အာဏာများမှ ထွက်ခွာပေးရန် လုံးဝစိတ်ကူးမရှိကြောင်း ပြသနေသည်။ နှစ်ပေါင်းများစွာကြာ အမြစ်စွဲလာခဲ့သည့် အဆိုပါ စစ်တပ်အဖွဲ့အစည်းကြီးအတွင်း၌ ယနေ့ထက်တိုင် စစ်သားစိတ်၊ ယောက်ျားစိတ်၊ ကိုယ်ချင်းစာတရားနှင့် လူသားပီသစွာ တွေးခေါ်မြော်မြင်တတ်သည့် အသိစိတ်ဓာတ်ရှိသူ တစ်ဦးတစ်ယောက်မျှ ပါဝင်မလာခြင်းအပေါ် ပြည်သူလူထုက အံ့ဩတုန်လှုပ်လျက် ရှိသည်။

“ဒါလားစစ်သား၊ ဒါလားယောက်ျားလို့ မေးရမလိုတောင်ဖြစ်နေပြီ။ ဒီလောက်နှစ်တွေအကြာကြီး ဖွဲ့စည်းလာတဲ့ အဖွဲ့အစည်းကြီးမှာ ကိုယ်ချင်းစာတရားရှိတဲ့သူ၊ လူပီသတဲ့သူ တစ်ဦးတစ်ယောက်မှ မရှိတော့တာလားဆိုပြီး အံ့ဩမိတယ်” ဟုရန်ကုန်မြို့ခံ ပြည်သူတစ်ဦးက စစ်အုပ်စု၏ လူမဆန်သော လုပ်ရပ်များအပေါ် ဖွင့်ဟပြောဆိုသည်။

လက်ရှိတွင် စစ်အုပ်စုသည် စစ်ရေးနှင့် နိုင်ငံရေးအကျပ်အတည်းများကြားမှ ရုန်းထွက်နိုင်ရန် တိုင်းပြည်၏ အနာဂတ်လူငယ်များနှင့် သယံဇာတများကို နည်းမျိုးစုံဖြင့် အသုံးချကာ စစ်တပ်၏ သက်ဦးဆံပိုင်အာဏာကို ဆက်လက်ဆွဲဆန့်နိုင်ရန် အသည်းအသန် ကြိုးပမ်းနေဆဲဖြစ်သည်။