ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၉ရက်
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့သို့ ယနေ့ အာဇာနည်နေ့တွင် စစ်တပ်က လေကြောင်းမှတစ်ဆင့် ပေါင် ၅၀၀ ဗုံးများဖြင့် ၃ ကြိမ်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရဟန်းတစ်ပါးနှင့် ကလေးငယ်များအပါအဝင် ၁၄ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိပြီး ဒေသခံပြည်သူ ၅ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ် (APM) ထံမှ သိရသည်။
ယနေ့ ဇူလိုင် ၁၉ရက် အာဇာနည်နေ့ နံနက် ၁၁ နာရီ ၃၀မိနစ်ခန့်မှစတင်ကာ စစ်တပ်၏ ဂျက်ဖိုက်တာတစ်စီးသည် မအီမြို့ပေါ်သို့ မိနစ်ပိုင်းသာခြား၍ ၃ ကြိမ်တိုင် လာရောက်ဗုံးကြဲခဲ့ခြင်းဖြစ်သည်။ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် တစ်ကြိမ်၊ ၁၁ နာရီ ၃၃ မိနစ်တွင် တစ်ကြိမ် နှင့် ၁၁ နာရီ ၃၈ မိနစ်တွင် တစ်ကြိမ် စုစုပေါင်း ပေါင် ၅၀၀ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးသီးများသည် မအီမြို့၊ အမှတ် (၂) ရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် နေအိမ်များ ထိမှန်ပျက်စီးခဲ့ပြီး အပြစ်မဲ့အရပ်သား ပြည်သူများပါ ထိခိုက်သေဆုံးခဲ့ရသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် နေရာ၌ပင် သေဆုံးသွားခဲ့ရသူ ၅ ဦးမှာ မောင်ထွန်းလင်းဇော် (၁၇) နှစ် – (ကျောက်ဖြူမြို့နယ်မှ မအီမြို့သို့ လာရောက်စစ်ဘေးရှောင်နေသူ)၊မလပြည့်စံ (၁၉) နှစ်- (မအီမြို့၊ အမှတ် ၂ ရပ်ကွက်)၊ ကိုညီညီထွေး (၁၉) နှစ် – (မအီမြို့၊ အမှတ် ၂ ရပ်ကွက်)၊ ဒေါ်မူမူဌေး (၃၅) နှစ် – (မအီမြို့၊ အမှတ် ၂ ရပ်ကွက်)၊ ဦးညီညီဇော် (၃၄)နှစ် – (မအီမြို့၊ အမှတ် ၂ ရပ်ကွက်) တို့ဖြစ်ကြောင်း သိရသည်။

ဗုံးစထိမှန်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၁၄ ဦးထက်မနည်း ရှိနေပြီး သက်တော် ၄၇ နှစ်အရွယ် ရဟန်းတစ်ပါးနှင့် အသက် ၁၀ နှစ်ဝန်းကျင် ကလေးငယ် အများအပြား ပါဝင်သည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သူများကို လတ်တလောတွင် အရေးပေါ် ဆေးဝါးကုသမှုများ ပြုလုပ်ပေးနေရပြီး ဒဏ်ရာပြင်းထန်သူ အများအပြား ပါဝင်နေသဖြင့် သေဆုံးသူအရေအတွက် ထပ်မံတိုးလာနိုင်သည့်အပေါ် ဒေသခံများက စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရသည်။
စစ်တပ်သည် ပြီးခဲ့သည့် ဇူလိုင် ၁၇ရက်နေ့ကလည်း ဂွမြို့နယ်ကို ဂျက်ဖိုက်တာများဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဇူလိုင် ၁၃ရက်နှင့် ဇူလိုင် ၁၄ရက်တို့တွင်လည်း ဗုံးသီးအမြောက်အမြားဖြင့် တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။
ဓာတ်ပုံ- APM