ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၉ ရက်

ယူကရိန်းနယ်စပ်မှ မိုင် ၅၀၀ နီးပါး ဝေးကွာတဲ့ ရုရှားနိုင်ငံ ဆာရာတော့ဗ်ပြည်နယ်၊ အိန်ဂျယ်လ်စ် လေတပ်အခြေစိုက်စခန်းရှိ Tu-95 မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တစ်စင်းကို ယူကရိန်းလုံခြုံရေး ဌာန (SBU) က ဖျက်ဆီးနိုင်ခဲ့တယ်လို့ သမ္မတ ဇီလန်စကီးက ကြေညာလိုက်ပါတယ်။

အဆိုပါ Tu-95 လေယာဉ်ဟာ ဆိုဗီယက်ခေတ်ကတည်းက အသုံးပြုခဲ့တဲ့ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်အမျိုးအစားဖြစ်ပြီး ရုရှားနိုင်ငံဟာ ယူကရိန်းနိုင်ငံအပေါ် ခရုစ်ဒုံးကျည်တွေနဲ့ တိုက်ခိုက် ရာမှာ ယင်းလေယာဉ်ကို အဓိကအားထားပြီး အကြိမ်ကြိမ် အသုံးပြုခဲ့တာပါ။

ဇီလန်စကီးက “ကျွန်တော်တို့နိုင်ငံနဲ့ ပြည်သူတွေအပေါ် ကျူးကျော်မှုအတွက် ရုရှားက ပေးဆပ်ရ မယ့်တန်ဖိုးကို တိုးမြှင့်နေတာ ဖြစ်ပါတယ်” လို့ X လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ မြေပြင်ထောက်လှမ်းမှုတွေအရ ယူကရိန်း ဒရုန်းတိုက်ခိုက်မှုကြောင့် အမေရိကန်ဒေါ်လာ သန်း ၃၀ ခန့် တန်ကြေးရှိ ဗုံးကြဲလေယာဉ်ရဲ့ အမြီးပိုင်းတစ်ခုလုံး ပြတ်ထွက်သွားပြီး ပြုပြင်လို့မရတော့တဲ့အထိ ပြာကျပျက်စီးသွားခဲ့တယ်လို့ SBU က ဆိုပါတယ်။

SBU ရဲ့ ထုတ်ပြန်ချက်မှာ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တစ်စင်းကို ဖျက်ဆီးနိုင်ခြင်းဟာ ယူကရိန်းမြို့ပြတွေပေါ် ကျရောက်မယ့် ဒုံးကျည်အစင်းပေါင်းများစွာကို တားဆီးနိုင်တာဖြစ်ပြီး ပြည်သူ့ အသက်ပေါင်းများစွာကို ကယ်တင်နိုင်သလို ရန်သူ့အတွက်လည်း ဒေါ်လာသန်းပေါင်းများစွာ ဆုံးရှုံး သွားစေတာလို့ ဖော်ပြထားပါတယ်။

ရုရှားရဲ့ မဟာဗျူဟာမြောက် စစ်ဘက်လေယာဉ်တွေဟာ အဝေးဆုံး လေယာဉ်ကွင်းတွေမှာပင် လုံခြုံမှု မရှိတော့ကြောင်း SBU က သတိပေးလိုက်ပါတယ်။ ဒီတိုက်ခိုက်မှုကို ဘယ်အချိန်မှာ ပြုလုပ်ခဲ့လဲဆိုတာ ယူကရိန်းက တရားဝင် ထုတ်ပြောခြင်းမရှိပေမဲ့ ပြီးခဲ့တဲ့ညပိုင်းက အိန်ဂျယ်လ်စ်လေတပ်စခန်းမှာ ဒရုန်း တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ရုရှားတယ် လီဂရမ် သတင်းချန်နယ်အချို့မှာ ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က SBU ဟာ “Spiderweb” စစ်ဆင်ရေးအဖြစ် ရုရှားနိုင်ငံအတွင်းပိုင်းအထိ ဒရုန်းတွေ တိတ်တဆိတ် သယ်ဆောင်ပြီး လေတပ်စခန်း ၄ ခုရှိ ဗုံးကြဲလေယာဉ် အနည်းဆုံး ၈ စင်းကို ဖျက်ဆီးနိုင်ခဲ့ လို့ အမေရိကန်ဒေါ်လာ ၇ ဘီလီယံခန့် ဆုံးရှုံးခဲ့ပါတယ်။

ကိုးကား – Kyiv Independent
Ref; Russian Tu-95 bomber suffered ‘critical damage’ in strike on Engels air base, Zelensky says