ဧရာဝတီတိုင်း
ဇူလိုင် ၁၉ ရက်

ရန်ကုန်တိုင်း၊ သန်လျင်မြို့ရှိ ရေတပ်စခန်းတွင် ဧရာဝတီမြစ်ကြောင်းအတိုင်း မြောက်ဘက်သို့ ဆန်တက်မည့် ရွေးတုအစိုးရစစ်တပ်၏ စစ်သင်္ဘောအုပ်စုအတွက် ရိက္ခာများ၊ လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို အလုံးအရင်းဖြင့် ဖြည့်တင်းနေကြောင်း စစ်ဘက်သတင်းရင်း မြစ်များထံမှ သိရသည်။

အဆိုပါ ရိက္ခာနှင့် လက်နက်ခဲယမ်းများ တင်ဆောင်ထားသည့် စစ်ရေယာဉ်အုပ်စုတွင် အရပ်ဘက် ရေယာဉ်များကိုပါ အဓမ္မချောဆွဲထားပြီး လာမည့် ဇူလိုင်လ ၂၅ ရက်နေ့ခန့်တွင် ရန်ကုန်မှ စတင် ထွက်ခွာရန် စီစဉ်နေကြောင်း သိရသည်။

ထိုသို့ ထွက်ခွာရာတွင် စစ်ရေယာဉ်အုပ်စုနှင့် ချောဆွဲခံရသည့် အရပ်ဘက်ရေယာဉ်များ အတူတကွ သွားရောက်ကြမည်ဖြစ်ပြီး ဧရာဝတီမြစ်အထက်ပိုင်း ကချင်ပြည်နယ်ဘက်ရှိ စစ်ကောင်စီ စစ်အခြေစိုက် စခန်းများနှင့် ရှေ့တန်းတပ်ဖွဲ့များထံသို့ ပို့ဆောင်ရန်ဖြစ်ကြောင်း စစ်ဘက်သတင်းရင်း မြစ်က ဆိုသည်။

ထို့ပြင် အဆိုပါ အရပ်ဘက်သင်္ဘောများကို မောင်းနှင်ရန်အတွက် သင်္ဘောမောင်းသမားများကိုပါ အတင်း အကျပ် ပေါ်တာဆွဲခေါ်ယူထားပြီး ခရီးစဉ်မှ ပြန်လည်ရောက်ရှိပါက စစ်မှုထမ်းကင်းလွတ်ခွင့် ပေးမည်ဟု မက်လုံးပေး စည်းရုံးထားကြောင်း သိရသည်။ ယခုခရီးစဉ်တွင် ခဲယမ်းမီးကျောက်များ ပို့ဆောင်ပြီးပါက နောက်တန်းသို့ ပြန်လည်ရွှေ့ပြောင်းမည့် စစ်ဗိုလ်များနှင့် အရာရှိမိသားစုများကိုပါ တစ်ပါတည်း ပြန်လည်ခေါ်ဆောင်လာရန် စီစဉ်ထားကြောင်းလည်း စစ်ရေးသတင်းများ ထွက်ပေါ်လျက်ရှိသည်။

အလားတူ စစ်ကိုင်းတိုင်းအတွင်းတွင်လည်း ရွေးတုအစိုးရစစ်တပ်၏ စစ်ရေယာဉ်အုပ်စုတစ်စုသည် ဟုမ္မလင်းမြို့ဘက်သို့ ချင်းတွင်းမြစ်အတိုင်း ဆန်တက်လျက်ရှိသည်။ ဖောင်းပြင်မြို့တွင် ညအိပ် ဆိုက်ကပ် ထားသည့် အဆိုပါ စစ်ရေယာဉ်အုပ်စုသည် ယမန်နေ့ ဇူလိုင်လ ၁၈ ရက် နံနက် ၅ နာရီခန့်တွင် ဟုမ္မလင်းမြို့ဘက်သို့ ဆက်လက်ဆန်တက်သွားကြောင်း သိရသဖြင့် ချင်းတွင်းမြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာများအနေဖြင့် အရေးပေါ် သတိထားနေထိုင်ကြရန် ဖောင်းပြင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က သတိပေးချက် ထုတ်ပြန်ထားသည်။

စစ်တပ်၏ စစ်သင်္ဘောအုပ်စုသည် မြစ်ကြောင်းတစ်လျှောက် ဆန်တက်ရာတွင် လမ်းဘေးဝဲယာရှိ ကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်လေ့ရှိပြီး အရပ်သားထိခိုက် သေဆုံးမှုများ မရှိစေရန် အတွက် ကြိုတင်ရှောင်ရှားကြရန် ပကဖ အဖွဲ့က တိုက်တွန်းထားသည်။

အဆိုပါ စစ်ရေယာဉ်အုပ်စုသည် ဖောင်းပြင်မြို့သို့ မရောက်ရှိမီ ချင်းတွင်းမြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သဖြင့် ဒေသခံပြည်သူ များ အရေးပေါ် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ရွေးတုအစိုးရ စစ်တပ်သည် လက်ရှိတွင် မြစ်ကြောင်းလမ်းကို အသုံးပြု၍ မြောက်ပိုင်းစစ်မျက်နှာများသို့ ရိက္ခာနှင့် လက်နက်ခဲယမ်းများကို အဆက်မပြတ် ဖြည့်တင်းပို့ဆောင်နေသလို ရန်ကုန် သန်လျင် ရေတပ်တွင်လည်း နောက်ထပ် စစ်သင်္ဘောအုပ်စုတစ်စု ထွက်ခွာရန် ပြင်ဆင်နေကြောင်း စစ်ဘက် သတင်းရင်းမြစ်များက အတည် ပြုပြောဆိုထားသည်။