ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၉ရက်
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့အခြေစိုက် ရွေးတုအစိုးရစစ်တပ်၏ ခြေလျင်တပ်ရင်း ခလရ (၅၈) မှ တပ်ထောက်ဗိုလ်ကြီးတစ်ဦးသည် သေနတ်အတို၊ အရှည်မျိုးစုံ ၁၈ လက်နှင့်အတူ တပ်ရင်းဌာနချုပ်မှ ထွက်ပြေးပျောက်ဆုံးသွားကြောင်း သိရသည်။
ထိုသို့ ထွက်ပြေးသွားသည့် အရာရှိသည် တပ်ရင်း၏ လက်နက်၊ ခဲယမ်းတိုက်၊ ရိက္ခာနှင့် စက်သုံးဆီများကို အဓိကထိန်းသိမ်း၊ ဖြန့်ဝေရသည့် တပ်ရေးတပ်ထောက်အရာရှိ (တပ်ထောက်ဗိုလ်ကြီး) ဖြစ်ပြီး တပ်ရင်းမှူးများက စိတ်ချယုံကြည်ရသူကိုသာ ရွေးချယ်တာဝန်ပေးလေ့ရှိသည့် အရေးကြီးရာထူးနေရာ ဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
အဆိုပါအဖြစ်အပျက်သည် ပြီးခဲ့သည့် ဇူလိုင် ၁၅ ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်နက်တိုက် သော့ကိုင် အရာရှိကိုယ်တိုင် ထွက်ပြေးသွားခြင်းကြောင့် မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) မှ စုံစမ်းစစ်ဆေးရေးခုံရုံး (စုံခုံ) အရေးပေါ်ဖွဲ့စည်းကာ စစ်ဆေးမှုများ ပြုလုပ်နေ ကြောင်း သိရသည်။
“ဝိုင်းမော်ကနေ ကချင်ပြည်နယ်ပြင်ပကို ထွက်ဖို့က နှစ်ဖက်တပ်အခင်းအကျင်း အနေအထားအရ ဖြစ်နိုင်ချေ အလွန်နည်းပါတယ်။ လက်ရှိ လမ်းခရီးအနေအထားအရ အဆိုပါအရာရှိဟာ ကချင် လွတ်မြောက်ရေးတပ်မတော် (KIA) ထံ သွားရောက်ပူးပေါင်းပြီး လွတ်မြောက်နယ်မြေကို ရောက်ရှိသွားဖို့ သေချာပါတယ်” ဟု လုပ်သက်ရင့် CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို သုံးသပ်ပြော ကြားသည်။
လတ်တလောတွင် ကချင်ပြည်နယ်အတွင်း ရွှေကူနှင့် ဖားကန့်တို့၌ စစ်ရေးတင်းမာလျက်ရှိပြီး အင်းတော်ကြီးနှင့် ခေါင်လန်ဖူးဒေသဘက်တွင် တိုက်ပွဲများ ပြင်းထန်နေကာ KIA က ရွေးတုအစိုးရ စစ်တပ်နှင့် ပူးပေါင်းထားသည့် ရှမ်းနီတပ်များ၏ စခန်းအချို့ကို သိမ်းပိုက်ရရှိထားကြောင်း သိရသည်။
ပုံစာ-ဝိုင်းမော်အခြေစိုက် အမှတ်(၅၈)ခြေလျင်တပ်ရင်း။