ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၉ ရက်

 

မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းနေချိန် ရန်ကုန်မြို့ရှိ အတွင်းဝန်ရုံး၌ ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် အမှုဆောင်အဖွဲ့ အစည်းအဝေးကျင်းပနေစဉ် မသမာသူများ၏ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည်မှာ ယနေ့တွင် နှစ်ပေါင်း (၇၉) နှစ်ပြည့်ပြီဖြစ်ပြီး ယင်းနေ့အထိမ်းအမှတ်ကို ဂုဏ်ပြုကြောင်း နိုင်ငံတကာသံရုံးများက ယနေ့ ဇူလိုင် ၁၉ ရက်တွင် အသီးသီး ထုတ်ပြန်ထားသည်။

 

ရန်ကုန်အခြေစိုက် နိုင်ငံတကာသံရုံးများဖြစ်သည့် နယူးဇီလန်၊ ဩစတြေးလျ၊ ဗြိတိန်၊ နော်ဝေနှင့် ဂျာမနီသံရုံးတို့က မြန်မာပြည်သူများနှင့်အတူ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည် ၉ ဦးကို အလေးအနက် အောက်မေ့ဂုဏ်ပြုကြောင်းနှင့် မြန်မာနိုင်ငံ၏ အနာဂတ်အတွက် သမိုင်းအဆက်ဆက် အသက်ပေးအပ် စွန့်လွှတ်ခဲ့ကြသူများကို လေးစားဦးညွှတ်ကြောင်း ထုတ်ပြန် ထားသည်။

 

“အာဇာနည်ကြီးတွေရဲ့ မွန်မြတ်တဲ့ အမွေအနှစ်ကို ပြန်လည်သတိရ အောက်မေ့ရင်း မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် ခေတ်အဆက်ဆက် အသက်စွန့် ကြိုးပမ်းခဲ့ကြသူတွေ အားလုံးကို ကျွန်ုပ်တို့ ဂုဏ်ပြုပါတယ်” ဟု နော်ဝေသံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် စိန်ခေါ်မှုပေါင်းစုံကို ရင်ဆိုင်နေရသည့် ယခုကဲ့သို့ ကာလမျိုး၌ အာဇာနည်နေ့သည် မြန်မာပြည်သူများ ကာလကြာရှည် မျှော်လင့်တောင့်တနေသည့် ငြိမ်းချမ်းရေး၊ လွတ်လပ်ရေး၊ စည်လုံးညီညွတ်ရေးနှင့် ပိုမိုကောင်းမွန်သော အနာဂတ်အတွက် မျှော်လင့်ချက် အလင်းရောင် ဖြစ်စေကြောင်း ဂျာမနီသံရုံးက ထုတ်ပြန်သည်။

 

“သူတို့ (အာဇာနည်) တွေရဲ့ ရဲစွမ်းသတ္တိနဲ့ နိုင်ငံအပေါ် အပ်နှံထားတဲ့ စိတ်ဓာတ်တို့ဟာ ဒီကနေ့အချိန်အထိ လူအများအပြားအတွက် အတုယူ အားကျစရာ ဖြစ်နေဆဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ကြွယ်ဝတဲ့ သမိုင်း ကြောင်းဟာ နိုင်ငံရဲ့ အနာဂတ်ကို ပုံဖော်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒီသမိုင်းဖြစ်စဉ်ကို ကိုယ့်အကျိုး စီးပွားအတွက် လိုသလို ဆွဲယူအသုံးချမယ့်အစား သင်ခန်းစာယူသင့်ပါတယ်” ဟု ဂျာမနီသံရုံး ထုတ်ပြန် ချက်၌ ပါရှိသည်။

 

ထို့ပြင် လုပ်ကြံခြင်း၊ အကြမ်းဖက်ခြင်းနှင့် လူ့အသက်ကို သတ်ဖြတ်ခြင်းတို့သည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ကို ပုံဖော်ရန်အတွက် မည်သည့်အခါမျှ လက်ခံနိုင်ဖွယ်ရှိသော နည်းလမ်းများ မဟုတ်ကြောင်း ကို ယနေ့ကျရောက်သည့် အာဇာနည်နေ့က ပြတ်ပြတ်သားသား သတိပေးနေကြောင်း နယူးဇီလန် သံရုံးကလည်း ထုတ်ပြန်ထားသည်။

အဆိုပါ ရန်ကုန်အခြေစိုက် သံရုံးများသည် ငြိမ်းချမ်းပြီး လွတ်လပ်သော ဒီမိုကရေစီအနာဂတ်ကို မျှော်မှန်းနေကြသည့် မြန်မာပြည်သူများနှင့်အတူ တစ်သားတည်း ဆက်လက်ရပ်တည်သွားမည်ဖြစ်ပြီး ပြည်သူများအပေါ် ခိုင်မာသည့် ချစ်ကြည်ရင်းနှီးမှု ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

သမိုင်းမှတ်တမ်းများအရ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် စနေနေ့၊ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများသည် မသမာသူ ဂဠုန်ဦးစောနှင့် အပေါင်းအပါ များ၏ ယုတ်မာရက်စက်စွာ ပစ်ခတ်လုပ်ကြံမှုကြောင့် ကျဆုံးခဲ့ရသည်။

 

ဗိုလ်ချုပ်အောင်ဆန်းသည် ဒဏ်ရာပေါင်း ၁၃ ချက်ဖြင့် ကျဆုံးခဲ့ရပြီး ဝန်ကြီးများနှင့် အမှုဆောင် အဖွဲ့ဝင်များဖြစ်ကြသည့် ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးရာဇတ်၊ ဦးဘဝင်း၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၊ အတွင်းဝန် ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေးတို့လည်း ယင်းနေရာ၌ပင် တိုင်းပြည်အတွက် အသက်စွန့် ကျဆုံးခဲ့ရသည်။

 

ဓာတ်ပုံ – သံရုံးများ၏ လူမှုကွန်ရက်စာမျက်နှာ၊ သမိုင်းမှတ်တမ်း