နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၉ ရက်
မြန်မာ့လွတ်လပ်ရေးဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို မတရားသဖြင့် ဖမ်းဆီးချုပ်နှောင် အမှောင်ချထားပြီး ဖခင်ဖြစ်သူ ဗိုလ်ချုပ်၏ပြယုတ်ကို နိုင်ငံရေးအရ အသုံးချရန် အာဏာသိမ်းစစ်ခေါင်းဆောင် အသွင်ပြောင်း ရွေးတုသမ္မတ မင်းအောင်လှိုင်နှင့် အပေါင်းအပါများက အာဇာနည်နေ့ အခမ်းအနားသို့ ဟန်ပြတက်ရောက်ခဲ့သည်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယနေ့ ဇူလိုင် ၁၉ ရက်တွင် ကျရောက်သော (၇၉) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ ၎င်းတို့စစ်အုပ်စု ပြုလုပ်ခဲ့သည့် အတုအယောင် ရွေးကောက်ပွဲမှတစ်ဆင့် ဖန်တီးရယူထားသော ရွေးတုသမ္မတအဖြစ် အပေါင်းအပါများနှင့်အတူ လာရောက်ဂါရဝပြုခဲ့သည်။ အာဏာသိမ်းစစ်ခေါင်းဆောင်က ၎င်း၏ အပေါင်းအပါများနှင့်အတူ အာဇာနည်များကို ဟန်ပြဂါရဝပြုခဲ့သော်လည်း ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင် ဆန်းစုကြည်ကိုမူ ယခင်နှစ်များအတိုင်း အခမ်းအနား တက်ရောက်ခွင့် ပိတ်ပင်ထားဆဲ ဖြစ်သည်။

စစ်ခေါင်းဆောင်အသွင်ပြောင်း မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ် စစ်အာဏာ သိမ်းပြီးချိန်မှစ၍ ၂၀၂၄ ခုနှစ်အထိ ပြည်သူများနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဦးဆောင်သည့် အရပ်သားအစိုးရထံမှ အဓမ္မအာဏာလုယူခဲ့ ခြင်းကြောင့် အာဇာနည်ဗိမာန်သို့ ကိုယ်တိုင်လာရောက်ရဲခြင်း မရှိခဲ့ပေ။သို့သော် လည်း ယခုအခါတွင်မူ ၎င်းကိုယ်တိုင် ဖန်တီးရယူထားသည့် ရွေးတုအစိုးရကို နိုင်ငံရေးအရ တရားဝင်မှုရရှိရန်အတွက် ဗိုလ်ချုပ်အောင်ဆန်း၏ ပုံရိပ်ကို မျက်နှာပြောင်တိုက် အသုံးချရန် ကြိုးပမ်းလာခြင်းဖြစ်သည်။
“စစ်အုပ်စုက ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပြယုတ်ကို လုပ်စားပြီး ပုံသွင်းနေတာ။ ဗိုလ်ချုပ်အောင်ဆန်းကို ဆက်ပြီးတော့ အသုံးချသွားမယ့် အနေအထားပါပဲ။ ပြီးရင် လူသစ်စစ်သားတွေ စုဆောင်းတဲ့ အခါမှာလည်း ဗိုလ်ချုပ်စစ်တပ်ဆိုတဲ့ ပုံစံမျိုးနဲ့ အသက်ပြန်သွင်းလိုတဲ့ အခြေအနေကို တွေ့မြင်ရတယ်” ဟု ဧရာဝတီတိုင်းမ်၏ မေးမြန်းမှုကို လုပ်သက်ရင့် CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ဖြေကြားသည်။
ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်၌ ပြုလုပ်သည့် အဆိုပါ အခမ်းအနားသို့ ရွေးတုသမ္မတ ဦးမင်းအောင် လှိုင်နှင့်အတူ ရွေးတုလွှတ်တော်ဥက္ကဋ္ဌများဖြစ်သော ဦးခင်ရီ၊ ဦးအောင်လင်းဒွေး၊ ရွေးတုတရားသူကြီး ချုပ် ဦးသာဌေး၊ တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ရွေးတုဝန်ကြီးများနှင့် စစ်ဘက်အရာရှိများ တက်ရောက် ခဲ့ကြသည်။

ရွေးတုအစိုးရသည် ယနေ့ကျင်းပသည့် (၇၉) ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် ဗိုလ်ချုပ် အောင်ဆန်း၏ သက်ရှိထင်ရှား မိသားစုဝင် သမီးဖြစ်သူကို ဂါရဝပြုခွင့်မပေးဘဲ ဗိုလ်ချုပ်အောင်ဆန်း၏ အစ်ကိုဖြစ်သူ ဦးအောင်သန်း၏ မြေးတော်စပ်သူ ဦးရဲအောင်သန်းနှင့် ဇနီးတို့ကိုသာ “ဗိုလ်ချုပ်အောင်ဆန်း မိသားစု” အမည်ခံ ခေါင်းစဉ်ဖြင့် လွမ်းသူ့ပန်းခွေချ ဂါရဝပြုစေခဲ့သည်။
အခြားသော အာဇာနည်ခေါင်းဆောင်ကြီးများဖြစ်သည့် သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၊ ဦးရာဇတ်၊ ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေးတို့၏ မိသားစုဝင်အချို့ ကိုလည်း လာရောက်ဂါရဝပြုခွင့်ပေးထားကြောင်း CDM အသိုင်းအဝိုင်းထံမှ သိရသည်။
ထို့ပြင် ရွေးတုအစိုးရသည် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာအသိုင်း အဝိုင်းနှင့် တွေ့ဆုံခွင့် တောင်းဆိုမှုများကို ပိတ်ပင်ငြင်းဆန်ထားပြီး ယခင် NLD အစိုးရကာလက နိုင်ငံတစ်ဝန်းတွင် စိုက်ထူ ထားသည့် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထုများကိုလည်း လိုက်လံဖြိုချဖျက်ဆီးလျက်ရှိသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရွေးတုအစိုးရက နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီ၊ မကွေး၊ စစ်ကိုင်း စသည့် တိုင်းနှင့် ပြည်နယ်များရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထုပေါင်း ၁၆ ခုထက်မနည်းကို ဖြိုချဖျက်ဆီးခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။
ရွေးတုသမ္မတ ပြောခွင့်ရ ဒေါ်ခိုင်ခိုင်စိုးကမူ ၎င်းတို့အစိုးရ တက်လာချိန် ယခုနှစ် ဧပြီ ၁ ရက်မှစ၍ မြို့နယ် ၁၀၀ ကျော်ရှိ ကြေးရုပ်ထုများကို စိစစ်ရာ အချိုး အစားနှင့် အနုပညာဖော်ပြမှုများ ကိုက်ညီသင့် လျော်မှုမရှိ၍ ဥပဒေအရ လုပ် ဆောင်ခြင်းဖြစ်ကြောင်း ဝါဒဖြန့်မီဒီယာများမှတစ်ဆင့် ဆင်ခြေပေးကာ ငြင်းဆိုထားသည်။
ခေတ်အဆက်ဆက် အာဏာရှင်စစ်အုပ်စုများသည် ၎င်းတို့အကျိုးစီးပွားနှင့် ပြည်သူကို လိမ်လည် စည်းရုံးရန် လိုအပ်သည့်အခါတိုင်း ဗိုလ်ချုပ်၏ ပြော စကားနှင့် ရုပ်ပုံလွှာများကိုသာ အတုအယောင် အသုံးချလေ့ရှိကြောင်း CDM များနှင့် နိုင်ငံရေးအကဲခတ်တို့က ထောက်ပြပြောဆိုထားသည်။
ဓာတ်ပုံ- ရွေးတုအစိုးရ