ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၈ ရက်

တရုတ်နိုင်ငံအနောက်တောင်ပိုင်း၊ ချုံကျင်းမြို့၊ ဖန်ရွှေခရိုင်မှာ ဇူလိုင် ၁၇ ရက်နေ့က မြေပြိုမှုတစ် ခုဖြစ်ပွားခဲ့ရာ လူ ၈ ဦးထက်မနည်း သေဆုံးပြီး ၃၄ ဦး ပျောက်ဆုံးနေတယ်လို့ ဒေသန္တရအာဏာပိုင်တွေက ပြောပါတယ်။

ဒေသစံတော်ချိန် မနက် ၉ နာရီခွဲဝန်းကျင်မှာ မြေပြိုမှုဟာ ဖြစ်ပွားခဲ့ပြီး လက်ရှိမှာ ကယ်ဆယ်ရေး သမား အင်အား ၈၀၀ ကျော်နဲ့ ရှာဖွေကယ်ဆယ်ရေးတွေ အပြင်းအထန် လုပ်ဆောင်နေတယ်လို့ တရုတ် နိုင်ငံပိုင် CCTV သတင်းမှာ ဖော်ပြပါတယ်။

ခရိုင်အုပ်ချုပ်ရေးမှူး ရန်ရွှီကျန်းရဲ့ ပြောပြချက်အရ မြေပြိုမှုအတွင်း ပိတ်မိနေသူ ၁၈ ဦးကို ကယ် ဆယ်နိုင်ခဲ့ပေမဲ့ အဲဒီအထဲက ၈ ဦး သေဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။

တရုတ်နိုင်ငံပိုင်သတင်းဌာနရဲ့ ရုပ်သံမှတ်တမ်းတွေမှာတော့ တောင်ခြေက လူနေအိမ်ခြေတွေနဲ့ ဈေးဆိုင်တန်းတွေရှိရာ လမ်းမပေါ်အထိ ရွှံ့နွံတွေနဲ့ ကျောက်ခဲပုံကြီးတွေ ပိကျနေတာကို မြင်တွေ့ရပြီး ပြည်သူတွေ ဖုန်မှုန့်လုံးကြီးတွေကြားကနေ အော်ဟစ်ထွက်ပြေးနေကြတာကို ပြသခဲ့ပါတယ်။

အဆိုပါ မြေပြိုမှုဖြစ်ပွားတဲ့နေရာဟာ မတ်စောက်ပြီး ဘေးအန္တရာယ် ခန့်မှန်းရခက်ခဲတဲ့ မြေမျက် နှာသွင်ပြင်ရှိကြောင်း၊ လက်ရှိအချိန်ထိလည်း ကမ်းပါးယံတစ်လျှောက်မှာ အန္တရာယ်ရှိတဲ့ ကျောက်တုံးကြီး တွေ ကျန်ရှိနေသေးကြောင်း ဒေသခံအရာရှိတစ်ဦးက ပြောပါတယ်။

တရုတ်အစိုးရက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ ဘေးသင့်ပြည်သူတွေကို ထောက်ပံ့ဖို့အ တွက် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးရန်ပုံငွေ ယွမ် သန်း ၅၀ ချထားပေးလိုက်ပြီ ဖြစ်ပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က ဒီဘေးအန္တရာယ်ဖြစ်ပွားရတဲ့ အကြောင်းရင်းကို အမြန်ဆုံး ဖော်ထုတ် ဖို့နဲ့ နောက်ထပ်ဖြစ်လာနိုင်တဲ့ ဘူမိဗေဒဆိုင်ရာ အန္တရာယ်တွေကိုပါ ကြိုတင်စစ်ဆေး ဖယ်ရှားကြဖို့ အာ ဏာပိုင်တွေကို တိုက်တွန်းထားပါတယ်။

ယခုမြေပြိုမှုဟာ လွန်ခဲ့တဲ့နှစ်ပတ်က တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဂန်စုပြည်နယ်မှာ လူ ပေါင်း ၂၁ ဦး သေဆုံးခဲ့ရတဲ့ မြေပြိုမှုအပြီး ရက်ပိုင်းအတွင်းမှာ ထပ်မံဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ကိုးကား – AFP
Ref; Landslide in China kills 8, at least 34 missing: Officials