ဧရာဝတီတိုင်းမ်
(ဟားခါး)၊ ဇူလိုင် ၁၈ ရက်

 

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ဒုရဲမှူးကြီး ဇော်ဇော်အောင်နှင့် ကိုယ်ရေးအရာရှိဖြစ်သူ ရဲတပ်သားတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

 

ယမန်နေ့ ဇူလိုင်လ ၁၇ ရက်နေ့၊ မနက် ခုနှစ်နာရီဝန်းကျင်တွင် ဟားခါးမြို့မရဲစခန်းမှ ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဥ် CDF ဟားခါး မှ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

 

“အရာရှိနှစ်ယောက် ရဲစခန်းကနေ ထွက်လာတာပါ။ CDF ရဲဘော်တွေက ပြည်တော်သာရပ်ကွက်၊ ဂန့်ဂေါလမ်းမပေါ်မှာ စောင့်ကြိုပြီး အနီးကပ်ပစ်သွားတာပါ။ နှစ်ယောက်စလုံး ပွဲချင်းသေဆုံးသွားတယ်”ဟု ဟားခါးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ပစ်ခတ်မှုအပြီးတွင် ၎င်းရဲအရာရှိနှင့်တပြည့်ဖြစ်သူတို့မှ ပစ္စတို တစ်လက်၊ လက်ကိုင်ဖုန်း တို့ကို CDF ဟားခါး က သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

သေဆုံးသွားသည့် ရုပ်အလောင်းကို စစ်တပ်နှင့် လက်အောက်ခံတပ်ဖွဲ့ဝင်များက လာရောက်ပြီး ဟားခါးပြည်သူ့ ဆေးရုံဘက်သို့ သယ်ဆောင်သွားကြောင်း သိရသည်။

 

“မနေ့က ဟားခါးမြို့ထဲ စစ်ကားတွေ၊ ဆိုင်ကယ်တွေ ခြေရှုပ်တယ်။ လမ်းဆုံ၊ လမ်းခွတွေမှာလည်း စစ်သားတွေ၊ ရဲတွေချည်းပဲ လုံခြုံရေးအပြည့် ချထားတယ်” ဟု ဟားခါးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

လက်ရှိအချိန်ထိ လုံခြုံရေးအပြည့်ချထားပြီး စစ်ဆေးမှုများ ဆောင်ရွက်ကြသော်လည်း အဆိုပါ ပစ်ခတ်သူများကို ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

 

ဟားခါးမြို့နှင့် အနီးကျေးရွာများတွင် လုံခြုံရေးအခြေအနေကြောင့် ညမထွက်ကြရန် CDF ဟားခါးက ပြီးခဲ့သည့် ဇူလိုင် ခုနှစ်ရက်နေ့က ထုတ်ပြန်ထားသည်။