ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၈ ရက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့တွင် တောဆင်ရိုင်းတိုက်ခိုက်မှုကြောင့် မိဘနှစ်ဦးနှင့် ခြောက်လအရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး၊ သုံးနှစ်အရွယ် ကလေးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇူလိုင် ၁၅ ရက် နံနက် နှစ်နာရီခွဲခန့်တွင် ငွေဆောင်မြို့၊ မဒေါ့ကုန်းကျေးရွာအုပ်စု၊ ငှက်ပျောချောင်းကွင်းအနောက်ဘက် တောအတွင်းရှိ လယ်တဲ၌ အိပ်ပျော်နေသည့် လယ်ယာလုပ်ကိုင်သူ မိသားစုဝင် လေးဦးအား တောဆင်ရိုင်းတစ်ကောင်က ဝင်ရောက်တိုက်ခိုက်ပြီး လယ်တဲကို ဖြိုဖျက်ခဲ့ခြင်းဖြစ်သည်။

တောဆင်းရိုင်းမှ တဲအားဖြိုဖျက်ကာ ဝင်ရောက်နင်းချေမှုကြောင့် စောထူးဆဲ (၂၈ )နှစ် နော်နေဘလုဆဲ (၂၁ )နှစ်၊ စောနေပုလဲထူး ( ခြောက်လ) တို့ သေ ဆုံးခဲ့ကြောင်း ရဲသတင်းရင်းမြစ်ထံမှ သိရသည်။

အဆိုပါဖြစ်စဉ်အတွင်း ၎င်းတို့၏သမီးဖြစ်သူ သုံးနှစ်အရွယ်ရှိသူမှာ မျက်နှာ၊ ရင်ဘတ်နှင့် လက် ကောက်ဝတ်တို့တွင် ပွန်းခြစ်ဒဏ်ရာများ၊ ညာပေါင်ကျိုးဒဏ်ရာ (မစိုးရိမ်ရ)များဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း သိရသည်။

သေဆုံးသူများ၏ ရုပ်အလောင်းများနှင့် ဒဏ်ရာရရှိသည့် သုံးနှစ်အရွယ် ကလေးငယ်အား ပုသိမ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး လက်ရှိတွင် ဒဏ်ရာရကလေးငယ်မှာ ဆေးရုံ၌ ဆေးဝါးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။