နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၈ ရက်

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် ကျန်းမာရေး ဝန်ထမ်းများကိုဖမ်းဆီးပြီး အဆောက်အအုံများကို ဖျက်ဆီးတိုက်ခိုက်နေသည့် စစ်ခေါင်းဆောင် အသွင်ပြောင်း ရွေးတုသမ္မတ မင်းအောင်လှိုင်က ၎င်းတို့ကြောင့် လူဦးရေသန်းနှင့်ချီ ကျန်းမာရေး အကူအညီများ လိုအပ်နေသော်လည်း လက်လှမ်းမီသော စောင့်ရှောက်မှုပေး၍ အာဆီယံနှင့် ရင်ပေါင်တန်းနိုင်အောင် လုပ်ဆောင်သွားမည်ဟု ပြောဆိုသည်။

စစ်ရုံးချုပ်စိုက်ရာ နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ် (၁၄) ခုရှိ သူနာပြုကျောင်းများကို သူနာပြုသိပ္ပံများအဖြစ်အမည်ပြောင်းဖွင့်ပွဲတွင် အာဏာသိမ်း ရွေးတုသမ္မတ တက်ရောက်၍ ထိုကဲ့သို့ လက်အောက်ခံ အရာရှိ၊ Non-CDM ဝန်ထမ်းများကို စည်းရုံးပြောဆိုခဲ့ခြင်းဖြစ်သည်။

“တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနဲ့ ကျန်းမာရေးအဆင့်မြှင့်တင်မှု လုပ်ငန်းအတွက် မူဝါဒတွေချမှတ် အကောင်အထည်ဖော်ရာမှာ ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုတဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဖြစ်ဖို့နဲ့ မြို့ပြ၊ ကျေးလက်မကျန် ဆင်းရဲချမ်းသာမရွေး လူတိုင်းလက်လှမ်းမီတဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ဖို့အတွက် အလေးထားဆောင်ရွက်နေတယ်” ဟု ၎င်းက ဆိုသည်။

ထို့အပြင် ၎င်းတို့အနေဖြင့် ၂၀၂၇ ခုနှစ် ပညာသင်နှစ်တွင် သူနာပြု-သားဖွား ဒီပလိုမာ သုံးနှစ်နှင့် ဘက်စုံသားဖွား ဒီပလိုမာ နှစ်နှစ်သင်တန်းတို့အတွက် သင်တန်းသူများ တိုးမြှင့်ခေါ်ယူသွား၍ အာဆီယံ (အရှေ့တောင်အာရှ) နိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်သည့် အရည်အသွေးပြည့်ဝ သူနာပြု၊ သားဖွားများ မွေးထုတ်ပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဆက်လက်ပြောသည်။

သို့သော် လက်တွေ့တွင် ၎င်းတို့ကျူးလွန် စစ်ပဋိပက္ခများနှင့် ကျန်းမာရေးကဏ္ဍအပေါ် တိုက်ခိုက်မှုများကြောင့် မြန်မာနိုင်ငံ၌ လူဦးရေ ၉ ဒဿမ ၃ သန်းကျော်သည် ကျန်းမာရေး အကူအညီများ လိုအပ်နေပြီး ဝမ်းပျက်ဝမ်းလျှော၊ သွေးလွန်တုပ်ကွေး၊ ငှက်ဖျားရောဂါများ မြင့်တက်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ယခုနှစ် ၂၀၂၆ အရေးပေါ်ကျန်းမာရေး အစီရင်ခံစာအရ သိရသည်။

ယင်းအပြင် လေကြောင်း၊ လက်နက်ကြီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျန်းမာရေးဝန်ထမ်း ၂၀၀ ဝန်းကျင် သေဆုံး၍ ၉၀၀ ကျော် ဖမ်းဆီးခံရကာ ပြီးခဲ့သော ဧပြီ ၂၈ ရက်အထိ ကျန်းမာရေး အဆောက်အအုံ ထိခိုက်ပျက်စီးမှု ၅၀၀ ကျော်ရှိခဲ့ကြောင်း ဆွစ်ဇာလန် နိုင်ငံအခြေစိုက် Insecurity Insight လူသားမျိုးနွယ်လုံခြုံရေးဆိုင်ရာ သုတေသနအဖွဲ့က ထုတ်ပြန်ထားသည်။

လက်ရှိ ရွေးတုအစိုးရ ထိန်းချုပ်ထားသည့် ဆေးရုံများတွင်လည်း စစ်အာဏာသိမ်းမှုကို လက်မခံသဖြင့် ပြည်သူလူထုနှင့်အတူ ရပ်တည်ဆန့်ကျင် CDM ပြုလုပ်ခြင်းတို့ကြောင့် ကျန်းမာရေး ဝန်ထမ်းအင်အား သိသာစွာလျော့နည်းနေမှုအပေါ် အခွင့်ကောင်းယူ၍ အများစုသည် ဆေးလာကုသော လူနာများအား စာနာစိတ်မရှိ၊ ရိုင်းပျစွာ ပြုမူဆက်ဆံကြောင်း ကိုယ်တွေ့ကြုံရသူတစ်ဦးက ဆိုသည်။

“ဆေးရုံအများစုက ဘာဖြစ်လဲဆိုတော့ မတတ်သာလို့နေခဲ့ရတဲ့ CDM မလုပ်လိုက်ရသူ ဆရာဝန်တချို့ကလွဲရင် ကျန်သူတွေက စိတ်ပိုင်းဆိုင်ရာ မပြည့်ဝကြဘူး။ ဒါတကယ်ကြုံနေရတာ။ လူနာတွေအပေါ် မလေးစား၊ မကြင်နာဘူး။ ပိုက်ဆံဆေးခန်း တက်လှမ်းဖို့ပဲ ရည်ရွယ်ချက်ရှိနေတာ များတယ်” ဟု အဆိုပါ ကိုယ်တွေ့ကြုံနေရသူ အမျိုးသမီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ ဇူလိုင် ၇ ရက်မှ ၁၅ ရက်အထိ ကျင်းပသည့် အဆင့်မြင့်နိုင်ငံရေးဆိုင်ရာဖိုရမ် ဝန်ကြီးများအဆင့် ဆွေးနွေးမှုတစ်ခုတွင် မြန်မာ့အရေးနှင့် ပတ်သက်၍ စစ်အုပ်စု အသွင်ပြောင်း ရွေးတုအစိုးရ ကျူးလွန်မှုများကို တင်ပြထောက်ပြထားသည်။

စစ်အာဏာသိမ်းချိန်မှစ၍ မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုနှုန်းသည် (၅၀) ရာခိုင်နှုန်းခန့်အထိ မြင့်တက်လာပြီး တိုင်းပြည်လူဦးရေ ၏ သုံးပုံ တစ်ပုံသည် အလွန်အမင်းဆိုးရွားသော အစာရေစာ မပြည့်ဝမှုကို ရင်ဆိုင်နေရကာ ကလေးသူငယ် တစ်သန်းကျော်လည်း ၎င်းတို့အတွက် အရေးကြီးသည့် ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းစဉ်များနှင့် ကင်းကွာနေရကြောင်း သံအမတ်ကြီးက ဆိုသည်။

ဓာတ်ပုံ- MOI