နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၈ ရက်

 

စစ်မြေပြင်ဆိုင်ရာ အတွေ့အကြုံများ ဖလှယ်ရေးအတွက် ပြုလုပ်သည်ဆိုသော အာဏာသိမ်း စစ်တပ်နှင့် -ရုရှားကြည်းတပ်အကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် သရုပ်ပြမှုဆန်၍ စိတ်ဓာတ်စစ်ဆင်ရေးအနေဖြင့် သွယ်ဝိုက်ကြွားပြခြင်းဖြစ်ကြောင်း တပ်မတော်သား CDM အရာရှိများက ထောက်ပြပြောဆိုသည်။

 

အဆိုပါ စစ်ရေးလေ့ကျင့်မှုကို စစ်အုပ်စုရုံးစိုက်ရာ နေပြည်တော်တွင် ယမန်နေ့ ဇူလိုင် ၁၇ ရက်၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ခေါင်းဆောင်မှလွဲ၍ ၎င်းခန့်အပ်သည့် တပ်ချုပ်၊ ဒုတပ်ချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ ရေနှင့် လေချုပ်အပါအဝင် စစ်တပ်ထိပ်ပိုင်းများ တက်ရောက်ကြသည်။

 

စစ်အုပ်စုသည် အမေရိကန်ဒေါ်လာ ငါးသန်းခန့် ကုန်ကျခံထားပြီး ၎င်းတို့ စစ်ရေးလေ့ကျင့်မှုမှာ ဇာတ်တိုက်ထားသော အနေအထားမျိုးဖြစ်ကာ ဟိုယခင် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး ပြုလုပ်မှုအတိုင်း တွေ့ရကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ဆိုသည်။

“တပ်ထိပ်ပိုင်းအကုန် လာပြီးကြည့်တာက ဒေါ်လာ ငါးသန်း ကုန်ထားရလို့ တန်အောင်လာကြည့်တဲ့ အနေအထားမျိုးပါပဲ။ ရုရှားနဲ့ ပူးပေါင်းပြီး လက်နက်ခဲယမ်းတွေ ဆက်စပ်ပစ္စည်းတွေ ထုတ်လုပ်သွားမယ့် အခြေအနေမျိုးတော့ ကြားသိရတယ်။ ဘီလာရုစ်နဲ့ တွဲထုတ်ဖို့လည်း ရှိထားတယ်” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

အာဏာသိမ်း စစ်အုပ်စုတပ်နှင့် ရုရှားတပ်များ ပူးတွဲလေ့ကျင့်မှုသည် တိုက်စစ် လေ့ကျင့်ခန်းဖြစ်ပြီး လှုပ်ရှားနယ်မြေအတွင်း အခိုင်အမာခြေကုပ်ယူ အချက်အခြာကျသည့် တောင်ကုန်းကို တိုက်ခိုက်ခြင်း၊ ပင်မတောင်ကုန်းနှင့် ဖြန့်ခွဲတည်ရှိရာများအား UAV၊ Drone၊ Sniper များအသုံးပြု တိုက်ခိုက်ခြင်းတို့ဖြစ်ကြောင်း သိရသည်။

 

“ကပစထုတ် စစ်လက်နက်ပစ္စည်းတွေနဲ့ ရုရှားတပ်က လက်ရှိအသုံးပြုနေတဲ့ နည်းပညာမြင့်မား စစ်လက်နက်ပစ္စည်းတွေကို ပေါင်းစပ်ပြီး အသုံးပြုတိုက်ခိုက်တာကို တွေ့မြင်ရတဲ့အတွက် ပါဝင်လေ့ကျင့်တဲ့ တပ်ဖွဲ့ဝင်နဲ့ မိမိတို့ကြည့်သူတွေအတွက် များစွာအကျိုးရှိစေတယ်” ဟု စစ်အုပ်စု၏ တပ်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပြောသည်။

လက်ရှိတွင် ရွေးတုအစိုးရအဖြစ် အသွင်ပြောင်းထားသော စစ်အုပ်စုသည် ခုခံတော်လှန်မှုများကြောင့် အထိနာနေသလို ထိခိုက်သေဆုံး၊ ထွက်ပြေးမှု များပြားနေ၍ တိုက်စစ်အရှိန် ကျလာခြင်းအပေါ် ပြန်လည်မြှင့်တင်နိုင်ရန် တပ်တွင်းစည်းရုံးမှု တစ်ခုအနေဖြင့် လုပ်ပြခြင်းဖြစ်ကြောင်း CDM အရာရှိများက သုံးသပ်ထောက်ပြသည်။

 

ယင်းအပြင် နိုင်ငံတကာ၏ ဖယ်ကြဉ်ထားမှုများကို ၎င်းတို့နောက်တွင် ကမ္ဘာ့အင်အားကြီး ရုရှားနိုင်ငံ ရှိနေသေးသည်ဟု နိုင်ငံရေးအရ သတင်းစကားပါး၍ ပြည်တွင်းပြည်ပများအား စိတ်ဓာတ်စစ်ဆင်ရေးအနေဖြင့် သွယ်ဝိုက်ကာ ကြွားပြလိုက်ခြင်းမျိုးလည်းဖြစ်ကြောင်း CDM ဗိုလ်ကြီး ညီသုတက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

“စစ်ရေးအရ ကြည့်မယ်ဆိုရင် သူတို့အတော်လေး အထိနာပြီး အင်အားပြုန်းတီးနေတာ အားလုံးအသိပဲလေ။ ဒီတော့ သူတို့အနေနဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ အဓိကအားသာချက်ဖြစ်နေတဲ့ ဒရုန်းစစ်ဆင်ရေးကို တန်ပြန်ဖို့ ရုရှားဆီကနေ နည်းပညာယူပြီး အသာစီးပြန်ရအောင် ကြိုးစားလာတဲ့ ပုံစံမျိုးတွေ့ရတယ်” ဟု ၎င်းက ဆိုသည်။

 

စစ်အုပ်စုကမူ ၎င်းတို့နှင့် ရုရှားတပ်ဖွဲ့သည် ရန်သူ့နယ်မြေအတွင်း ကင်းထောက် Drone ဖြင့် ကင်းထောက်ခြင်း၊ ရန်သူ့အဖွဲ့ငယ် နေရာများအား စနိုက်ပါဖြင့် ပစ်ခတ်ခြင်း၊ FPV၊ Heavy Drone တို့ဖြင့် ကြိုတင်ချေမှုန်းခြင်း၊ ထိုးဖောက်ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခြင်း စသည့်တို့ကို ပူးတွဲလေ့ကျင့်ခဲ့ကြောင်း ထုတ်ပြန်ဖော်ပြသည်။

 

ထို့အပြင် ယခုစစ်ရေး ပူးတွဲလေ့ကျင့်မှုသည် ရုရှားတပ်ဖွဲ့နှင့် ပထမဆုံးအကြိမ်ဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင် ၆ ရက်မှစတင်၍ အင်ဂျင်နီယာ၊ ဒရုန်း၊ စနိုက်ပါ၊ ဆေး၊ ဆက်သွယ်ရေး၊ တောတွင်းစစ်ဆင်ရေး၊ တောင်ပေါ်စစ်ဆင်ရေး စသည်တို့ကို လေ့ကျင့်သင်ကြားကြကြောင်း စစ်အုပ်စုက စည်းရုံးဝါဒဖြန့် ဆိုထားသည်။

 

ဓာတ်ပုံ- MOI