ဧရာဝတီတိုင်းမ်
ဇူလိုက် ၁၈ ရက်
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်သုံလေအားကောင်းနေချိန် အိန္ဒိယနိုင်ငံတွင်ဖြစ် ပေါ်နေသော လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ယနေ့ ဇူလိုင် ၁၈ မှ ၂၆ ရက်အတွင်း မြန်မာနိုင်ငံတဝန်း ဆက်လက်မိုးကြီးနေမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ယနေ့ ထုတ်ပြန်သည်။
အဆိုပါမိုးထစ်ချုန်းရွာသွန်းပြီး မိုးကြီးမှုကြောင့် မိုးရေချိန် နှစ်လက်မမှ ငါးလက်မပတ်ဝန်းကျင်ထိ မိုးရွာချနိုင်ကြောင်းသိရသည်။

လာမည့်တစ်ပတ် ၁၈ မှ ၂၆ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းတို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းပါဝင်သည်။
ထို့ပြင် ကချင်၊ ကရင်နီ ၊ ကရင်၊ ချင်း၊ မွန် ရခိုင်နှင့် ရှမ်းတို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းသိရသည်။
မိုးသည်းထန်ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်း၊ မြေပြိုခြင်းတို့ဖြစ်ပေါ်နိုင်သဖြင့် မြစ်ငယ်၊ ချောင်းငယ်အနီးနေထိုင်သူများအပါအဝင် ကုန်းမြင့်ဒေသနေထိုင်သူများလည်းသတိထားရမည်ဖြစ်ကြောင်း မိုး/ဇလက ထုတ်ပြန်သည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါမိုးသက်လေးပြင်းများကျရောက်ပြီး လှိုင်ကြီးမည်ဖြစ်၍ ယင်းအချိန်တွင် တစ်နာရီလျှင် ၃၅ မိုင်အထိတိုက်ခတ်နိုင်ကာ လှိုင်းအမြင့်မှာ ကိုးပေမှ ၁၂ ပေခန့်ရှိနိုင်ကြောင်း ယင်းဌာနက ထုတ်ပြန်သည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင် သံဖြူဇရပ်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ပြည်မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ မှော်ဘီမြို့နယ်၊ တီးတိန်မြို့အပါအဝင် ဒေသအချို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များပြိုလဲ၊ ကျိုးကျခြင်းတို့ဖြစ်ပေါ်ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ဓာတ်ပုံ – မိုး/ဇလ၊ MFS