ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၇ ရက်
ရွေးတုအစိုးရလက်အောက်ခံ စစ်တပ်က ပဲခူးတိုင်းအရှေ့ခြမ်းဒေသရှိ မြို့နယ်များသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကြောင်းထိုးကာ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့်ဗုံးကြဲခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ထန်းတပင်မြို့နယ်ရှိ ကြိမ်တောမြောင်ကျေးရွာကို ပြီးခဲ့သည့် ဇူလိုင် ၁၅ ရက်နေ့က စစ်တပ်ကဒရုန်းနှင့်လက်နက်ကြီးများပစ်ခတ်ခဲ့သည့်အတွက် ဒေသခံရွာသားတစ်ဦးသေဆုံးခဲ့ပြီး မီးလောင်မှုကြောင့် နေအိမ်အများအပြားပျက်စီးဆုံးရှုံးခဲ့ရကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။

လက်ရှိတွင် စစ်တပ်သည် အုတ်တွင်း၊ ထန်းတပင် နှင့် ရေတာရှည် မြို့နယ်များကို ကျေးရွာများအတွင်း စစ်ကြောင်းထိုးဝင်ရောက်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်နေ့ကလည်း မူး(မုန်း)မြို့နယ်အတွင်းသို့ Y-12 လေယာဉ်ဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား နှစ် ဦး သေဆုံးပြီး စျေးဆိုင်နှစ်ဆိုင် ထိခိုက်ပျက်စီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံးထံက သိရသည်။
လေကြောင်းတိုက်ခိုက်မှုအတွင်း ဟီအူးကျေးရွာ၊ ရှဲဒေးကျေးရွာနှင့် မီးရထားကျေးရွာများအပေါ် ဗုံးသီးအလုံး ၂၀ ထက်မနည်း ကြဲချခဲ့ပြီး မီးရထားကျေးရွာမှ နော်ဘွေဖော(၅၇ နှစ်) နှင့် နော်လေးဝါး(၅၆ နှစ်) တို့ သေဆုံးခဲ့ရသည်။
အလားတူရေတာရှည်မြို့နယ်တွင်လည်း ပြီးခဲ့သည့်ဇူလိုင် ၁၀ ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အေးသာယာကျေးရွာသို့ တောင်ငူလေတပ်မှ K8-W လေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံးသီး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ဦးနိုင်လင်းအမည်ရှိ ဒေသခံတစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ပေးပို့