ဧရာဝတီတိုင်းမ်
(ထန်တလန်)၊ ဇူလိုင် ၁၇ ရက်
ချင်းပြည်နယ် ထန်တလန်မြို့ကို ရွေးတုအစိုးရစစ်တပ်က အလုံးစုံ သိမ်းပိုက်ထားသော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ့ဖြစ်ကြောင်း CDF ထန်တလန် ထံမှ သိရသည်။
ရွေးတုအစိုးရစစ်တပ်က ထန်တလန်မြို့ကို အားလုံးစုံ အပြီးသတ် ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ယမန်နေ့ ဇူလိုင်လ ၁၆ ရက်နေ့ ညနေပိုင်းက ထုတ်ပြန်ထားသည်။
စစ်တပ်က ထိုသို့ ထုတ်ပြန်ထားသော်လည်း ထန်တလန်မြို့တွင်းတွင် စစ်တပ်နှင့် ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများ ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

“စစ်ရေးအခြေအနေက ပြောဖို့ခက်တယ်။ ဒါပေမဲ့ မြို့ထဲမှာတော့ တိုက်ပွဲတွေ ဆက်ရှိနေသေးပါတယ်”ဟု CDF ထန်တလန် တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရွေးတုအစိုးရစစ်တပ်သည် ထန်တလန်မြို့ရှိ ဌာနဆိုင်ရာ အဆောက်အအုံများနှင့် နေအိမ်များအတွင်း ဝင်ရောက်နေရာယူထားသော ချင်းတော်လှန်ရေးတပ်ဖွဲ့များကို အပြီးသတ်တိုက်ထုတ်နိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်၍ မီးသတ်တပ်ဖွဲ့ရုံး၊ လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့ရှေ့ရှိ ၎င်းတို့ တပ်ဖွဲ့ဝင်များ၏ မှတ်တမ်းဓာတ်ပုံများ ဖော်ပြထားသည်။
“စစ်တပ်ဘက်က ထုတ်ပြန်တဲ့ ဓာတ်ပုံအရဆိုရင် ထန်တလန်တစ်မြို့လုံးကို သိမ်းပိုက်လိုက်ပြီလို့တော့ ပြောလို့ရမယ်။ မြို့အစွန့်ဘက် ကျောင်းတွေ၊ မြို့ထဲက ရုံးတွေပါ တွေ့ရတယ်”ဟု ထန်တလန်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်တပ်သည် ဖလမ်းနှင့် တွန်းဇံ မြို့ကို သိမ်းပိုက်ပြီးနောက် ဖလမ်းမြို့ကို ပြန်သိမ်းပိုက်နိုင်ရေးအတွက် ပြီးခဲ့သည့် မေလကတည်းက ဟားခါးမြို့မှတစ်ဆင့် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
ဓာတ်ပုံ-ရွေးတုအစိုးရ