ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၇ ရက်
စစ်တပ်က မတရားအာဏာသိမ်းပြီး လအနည်းငယ်အကြာတွင် ရွေးတုသမ္မတ မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန် ပါဝင်သည့် စစ်အုပ်စုကွန်ရက်က အမေရိကန်ဒေါ်လာ ၄၈ သန်း တန်ကြေးရှိ ရွှေပိဿာချိန် ၄၉၀ ခန့်ကို တရားမဝင် ရောင်းချရန် ကြိုးပမ်းခဲ့ကြောင်း Justice For Myanmar (JFM) က ယနေ့ ဇူလိုင် ၁၇ ရက်နေ့တွင် ထုတ်ပြန်သည်။
အဆိုပါ ရွှေခဝါချမှု အစီအစဉ်ကို ခင်သီရိသက်မွန်က ဦးဆောင်ကာ ထိုင်း၊ လာအိုနှင့် ဟောင်ကောင် တို့မှတစ်ဆင့် ရောင်းချခဝါချရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့သည့် အစီအစဉ်ဖြစ်ကြောင်း JFM ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

JFM ၏ ထုတ်ပြန်ချက်အရ ရွေးတုအစိုးရ စစ်အုပ်စုနှင့် ဆက်နွှယ်နေသည့် ကွန်ရက်တစ်ခုသည် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄၈ သန်းခန့်ရှိသော ရွှေ ၈၀၀ ကီလိုဂရမ် (၄၉၀ ပိဿာခန့်) ကို တရားမဝင်ရောင်းချရန်အတွက် စာချုပ်မူကြမ်းများ၊ ရည်ရွယ်ချက်ပါ သဘောတူညီမှုစာလွှာများနှင့် ပုဂ္ဂိုလ်ရေးအရ ဆက်သွယ်ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရွှေအရောင်းအဝယ်ကို လာအိုစီးပွားရေးလုပ်ငန်းစုကြီးတစ်ခုဖြစ်သည့် AIF Group ၏ လက်အောက်ခံကုမ္ပဏီတစ်ခုထံသို့ ရောင်းချရန် စီစဉ်ခဲ့ပြီး၊ ငွေပေးချေမှုများကို တစ်စိတ်တစ်ပိုင်း လာအိုအစိုးရပိုင်ဖြစ်သော BIC Bank Lao မှတစ်ဆင့် ဆောင်ရွက်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ငွေကြေးအာမခံချက်များနှင့် လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်မှုအစီအစဉ်များအပေါ် သဘော ထားကွဲလွဲမှုများကြောင့် ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းတွင် အဆိုပါ ရွှေအရောင်းအဝယ်အစီအစဉ် ပျက်ပြယ်သွားခဲ့ကြောင်း သိရသည်။

ထို့ပြင် ရွေးတုသမ္မတ မင်းအောင်လှိုင်မိသားစု၏ အနီးကပ်မိတ်ဖက်နှင့် စစ်လက်နက်ပွဲစားဖြစ်သူ ထွန်းမင်းလတ်သည် ၎င်း၏စီးပွားရေးမိတ်ဖက်ဖြစ်သူ ထိုင်းလွှတ်တော်အမတ် ဥပကစ်ပါချာရီ ယန်ကွန်းနှင့် အတူ ကြားခံပွဲစားလုပ်ကာ ရွှေ ၂၀၀ ကီလိုဂရမ် (၁၂၂ ပိဿာခန့်) ကို ရောင်းချပြီးဖြစ်ကြောင်း ရည်ညွှန်းပြောဆိုမှုများ ပါဝင်သော်လည်း အဆိုပါရွှေများ အမှန်တကယ် လက်ပြောင်းလက်လွှဲဖြစ်ခဲ့ခြင်း ရှိ၊ မရှိကိုမူ Justice For Myanmar အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ယခု ရွှေခဝါချမှုအစီအစဉ်မှာ မအောင်မြင်ခဲ့သော်လည်း ရွေးတုအစိုးရ စစ်ခေါင်းဆောင်များ၊ စစ်အုပ်စုအဖွဲ့ဝင်များ၊ ၎င်းတို့၏ မိသားစုဝင်များနှင့် ခရိုနီများအကြား နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဆိုင်ရာ အန္တရာယ်များ ဆက်လက် ရှိနေဆဲဖြစ်ကြောင်း JFM က သတိပေးထားသည်။
ပြည်တွင်းတွင် စစ်တပ်အာဏာမသိမ်းမီက ရွှေဈေးနှုန်းသည် တစ်ကျပ်သားလျှင် ကျပ် ၁၃ သိန်းဝန်း ကျင်သာ ရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် စီးပွားရေးပျက်ကပ်နှင့်အတူ ဈေးနှုန်းများ တရိပ်ရိပ်မြင့်တက်လာခဲ့ရာ ယခုအခါ ပြည်တွင်းရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် ၉၆ သိန်းအထိ စံချိန်တင် မြင့်တက်နေသည်ကို ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
ဓာတ်ပုံ – JFM / လူမှုကွန်ရက်