ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၇ ရက်

 

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ပုသိမ်စက်မှုဇုန်တွင် မြန်မာနှင့် အိန္ဒိယနိုင်ငံတို့ အကျိုးတူပူးပေါင်းပြီး မတ်ပဲများကို အိန္ဒိယနိုင်ငံတင်ပို့ကာ ပဲပုပ်ဖက်များပြန်လည်တင်သွင်းပြီး တိရစ္ဆာန်အစာစက်ရုံ တည်ထောင်ရန် ရွေးတုအစိုးရက ကြိုးစားနေကြောင်း သိရသည်။

 

အဆိုပါလုပ်ငန်းစဉ်ကို မြန်မာနိုင်ငံရှိ Green Rise ကုမ္ပဏီနှင့် အိန္ဒိယနိုင်ငံရှိ Super Power ကုမ္ပဏီတို့ပူးပေါင်းဆောင်ရွက်မည်ဟုဆိုသည်။

 

ဧရာဝတီတိုင်းမှထွက်ရှိသော မတ်ပဲ ( Raw) များကို ဝယ်ယူကြိတ်ခွဲသန့်စင်ပြီး ထွက်ရှိသော Black Matpe ( SQ,FAQ) များကို အိန္ဒိယနိုင်ငံတင်ပို့ရာတွင် ရူပီးငွေချေစနစ်ဖြင့် တိုက်ရိုက် ရောင်းချခြင်းဖြစ်ကြောင်း ဇူလိုင် ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံမှ မတ်ပဲများကို တစ်လလျှင် တန်ချိန် နှစ်သောင်း ခန့်၊ တစ်နှစ်လျှင် နှစ်သိန်းခန့်နှင့် အခြားဒေသထွက် ပစ္စည်းများကို ပုသိမ်ဆိပ်ကမ်းမှတဆင့် အိန္ဒိယနိုင်ငံ၊ ချန်နိုင်းဆိပ်ကမ်းသို့ တင်ပို့မည်ဖြစ်သည်။

 

တိရစ္တာန်အစာအတွက်လိုအပ်သည့် ပဲပုပ်ဖတ်များကို အိန္ဒိယနိုင်ငံမှ တင်သွင်းမည်ဖြစ်ပြီး ငါးအစားတောင့်များ ပြုလုပ်ကာ ဧရာဝတီတိုင်းရှိ ငါးမွေးမြူရေးကန်များသို့ ဖြန့်ဖြူးသွားမည်ဖြစ်ဟု ဆိုသည်။

 

အဆိုပါစီမံကိန်းမတည်ရင်းနှီးငွေ၊ လုပ်ငန်းစတင်မည့်ကာလ၊ ပို့ကုန်ရငွေ၏ ၅၀ ရာခိုင်နှုန်းတန်ဖိုးကို ပြည်တွင်းလိုအပ်ချက်ရှိသော အိန္ဒိယနိုင်ငံထွက်ကုန်များကို ပြန်လည်တင်သွင်းမည်ဟုဆိုသော်လည်း မတည်ရင်းနှီးငွေကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

အလားတူ ပုသိမ်စက်မှုဇုန်တွင် Soybean Meal & Soybean Oil Extraction and Refinery ပဲပုပ်ဆီကြိတ်စက်ရုံ တည်ဆောက်မည်ဖြစ်၍ စားသုံးရန်အသင့်ပဲပုပ်ဆီများထုတ်လုပ်ပြီး ပြည်တွင်းဖြန့်ဖြူးခြင်းနှင့် ပဲပုပ်ဖတ်များကို တိရစ္ဆာန်အစာအတွက်အသုံးပြုသွားမည်ဟု ရွေးတုအစိုးရက ထုတ်ပြန်ထားသော်လည်း တိကျသည့် လုပ်ငန်းစဉ်များကို ရေးသားဖော်ပြထားခြင်းမရှိပေ။

 

ပြီးခဲ့သည့်ရက်ပိုင်းတွင် ရွေးတုအစိုးရသမ္မတမင်းအောင်လှိုင် အိန္ဒိယနိုင်ငံသို့ ငါးရက်ကြာခရီး သွားရောက်ပြီး နှစ်နိုင်ငံရင်းနှီးမြှပ်နှံမှုလုပ်ငန်း၊ ကုန်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောကြားပြီးနောက် ယခုစီမံကိန်းထွက်ပေါ်လာခြင်းဖြစ်သည်။

 

စစ်တပ်အာဏာသိမ်းထားသည့်ကာလတစ်လျှောက်လုံးတွင် နေကြာစိုက်ပျိုးရန်၊ ဆီထွက်သီးနှံစိုက်ပျိုးရန်၊ ကော်ဖီစိုက်ပျိုးရန်၊ ဝါစိုက်ပျိုးရန် မကြာခဏပြောကြားလေ့ရှိပြီး ယခုအခါ မတ်ပဲတင်ပို့ခြင်းနှင့် ပဲပုပ်ဆီကြိတ်စက်ရုံထွက်ပေါ်လာခြင်းဖြစ်သည်။

 

ယခုနှစ်အစောပိုင်းတွင် အမေရိကန်နိုင်ငံမှ ပဲပုပ်ဖတ်များကို မြန်မာနိုင်ငံမှဝယ်ယူရန်သဘောတူညီချက် လက်မှတ်ရေးထိုးကြောင်း အမေရိကန်သံရုံးက ထုတ်ပြန်ခဲ့ပြီး ကုန်သွယ်မှုအခြေအနေကို ထုတ်ပြန်ခြင်း မရှိသေးပေ။

 

လက်ရှိတွင် ရွေးတုအစိုးရက ဒေါ်လာလိုအပ်ချက်လျော့ချရန် စားအုန်းဆီကို လျော့ပြီးတင်သွင်းသည့်အတွက် အခြေခံပြည်သူများကြားစားအုန်းဆီဈေးကြီးနေသလို တိရစ္ဆာန်အစာဈေးများလည်း ကြီးမြင့်နေသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်