‎‎ဧရာဝတီတိုင်းမ်
‎ဇူလိုင် ၁၇ရက်
‎‎

အာရက္ခတပ်တော် (AA) သည် ရခိုင်ပြည်နယ်ရှိ မြို့နယ်အများစုနှင့် မဟာဗျူဟာမြောက် နယ်မြေများကို ထိန်းချုပ်ကာ မိမိကိုယ်ကိုယ် စီမံအုပ်ချုပ်နိုင်သည့် နိုင်ငံငယ် တစ်ခုအဖြစ် လက်တွေ့ဖော်ဆောင်လျက်ရှိပြီး၊ လက်ရှိတွင် တောင်အာရှနှင့် အရှေ့တောင်အာရှ၌ အင်အားအကြီးဆုံး လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ ဖြစ်လာ‌ကြောင်း အမေရိကန်အခြေစိုက် လွတ်လပ်သောမူဝါဒ သုတေသနအဖွဲ့ The Jamestown foundation ကထုတ်ပြန်သည်။

AAသည် စစ်ရေးအောင်မြင်မှုများအပြင် တရားဥပဒေစိုးမိုးရေး၊ လူမှုရေးနှင့် ဒေသန္တရအုပ်ချုပ်ရေးယန္တရားများကိုပါ ထိရောက်စွာ တည်ဆောက်နိုင်ခဲ့သည့်အပြင် နိုင်ငံတကာစီမံကိန်းများကို ထိန်းချုပ်ထားနိုင်မှုကြောင့် ပထဝီနိုင်ငံရေးအရ သြဇာလွှမ်းမိုးမှု အခွင့်အရေးကိုပါ ရရှိထားသည်ဟု ဖော်ပြသည်။

ရခိုင်ပြည်နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့ကို အပြည့်အဝ ထိန်းချုပ်ထားသည့်အပြင် ပြည်မဒေသများနှင့် ရခိုင်အကြား ကြားခံနယ်မြေ ဖန်တီးရန်နှင့် စစ်တပ်၏ ကပစ စက်ရုံများရှိရာသို့ ချဉ်းကပ်ရန်အတွက် ဧရာဝတီ၊ ပဲခူး၊ မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများအထိ စစ်ဆင်ရေးနယ်မြေ ချဲ့ထွင်လာခဲ့သည်။ ၂၀၂၇ မကုန်မီ ရခိုင်တစ်ပြည်နယ်လုံးကို စစ်တပ်ကင်းစင်နယ်မြေဖြစ်ရန် AAက ရည်မှန်းထားသည်။

ကျေးလက်မှသည် မြို့ပြဗဟိုချက်များအထိ စိုးမိုးကာ ကိုယ်ပိုင်တရားရုံး၊ ပညာရေး၊ ကျန်းမာရေးနှင့် ရဲတပ်ဖွဲ့ (DLEPS) လုပ်ငန်းများကို အကောင်အထည်ဖော်ပြီး ပြည်သူ့ထောက်ခံမှု ရယူထားသည်။ မွတ်စလင်နှင့် ဟိန္ဒူလူနည်းစုများနှင့် ထိတွေ့ဆက်ဆံကာ ဘာသာရေး၊ လူမျိုးရေး သဟဇာတဖြစ်မှုကို မြှင့်တင်နေသည်ဟု သုတေသနစာတမ်းတွင် ဖော်ပြထားသည်။

ထို့အပြင် ညီနောင်မဟာမိတ်များ MNDAA, TNLA အပြင် UWSA၊ KIA တို့နှင့် မဟာဗျူဟာမြောက် မဟာမိတ်ပြုထားသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တော်လှန်ရေးအဖွဲ့ပေါင်း ၂၃ ဖွဲ့ကျော်နှင့် NUG ၏ PDF တပ်ဖွဲ့များကိုပါ စစ်သင်တန်းနှင့် ထောက်ပံ့ရေးကဏ္ဍစုံမှ ကူညီပေးနေသည်ဟုလည်း သိရသည်။

AAက ပြည်တွင်း၊ ပြည်ပ သတင်းကွန်ရက်များကို ထိရောက်စွာ အသုံးချကာ မီဒီယာနှင့် ဝါဒဖြန့်ချိရေးစစ်ပွဲတွင် လူထုယုံကြည်မှု ရရှိအောင် စနစ်တကျ တည်ဆောက်နိုင်ခဲ့သည်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ဗျူဟာမြောက် ခေါင်းဆောင်မှုအောက်တွင် “ရက္ခိုင်အိပ်မက်” ဖြင့် လူငယ်ထုကို စည်းရုံးနိုင်ခဲ့ပြီး တော်လှန်ရေးတွင် အမျိုးသမီးများ၏ ကဏ္ဍကိုလည်း မြှင့်တင်ပေးထားသည်ဟုဆိုသည်။

တရုတ်နယ်စပ်နှင့် တိုက်ရိုက်ထိစပ်ခြင်းမရှိသည့် ပထဝီအနေအထားကြောင့် ပေကျင်း၏ နိုင်ငံရေးဖိအားပေးမှုများမှ ကင်းလွတ်ပြီး၊ စစ်တပ်ကို တိုက်ခိုက်ရာတွင် အခြားသော မြောက်ပိုင်းမဟာမိတ်အဖွဲ့များထက် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် ပိုမိုလွတ်လပ်သည်ဟုလည်း ဆိုထားသည်။

ရခိုင်ပြည်နယ်အတွင်းရှိ တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမစီမံကိန်း ၁၁ ခုအနက် ၁၀ ခုနှင့် အိန္ဒိယ၏ ကုလားတန်စီမံကိန်းလမ်းဆုံ (ပလက်ဝ) ကို AA က ထိန်းချုပ်ထားသဖြင့် အိမ်နီးနားချင်း အင်အားကြီးနိုင်ငံများအပေါ် သြဇာလွှမ်းမိုးထားနိုင်သည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့်လည်း နယ်စပ်လုံခြုံရေးနှင့် ရိုဟင်ဂျာနေရပ်ပြန်ရေးကိစ္စများအတွက် AA နှင့် မဖြစ်မနေ ဆွေးနွေးရမည့် သော့ချက်အဖွဲ့အဖြစ် ရှုမြင်လာခြင်းဖြစ်သည်။

အာရက္ခတပ်တော် (AA) သည် တည်ထောင်ပြီး ၁၇ နှစ်တာကာလအတွင်း စစ်ရေးအရ တိုက်ပွဲဝင်ရုံတင်မကဘဲ ရေရှည်တည်တံ့သော အုပ်ချုပ်ရေးစနစ်ကိုပါ တည်ဆောက်ပြနိုင်ခဲ့သဖြင့် နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်သော အခြားတိုင်းရင်းသား‌တော်လှန်ရေးအဖွဲ့များထက် ထူးခြားပြောင်မြောက်သည့် စွမ်းဆောင်ရည်ကို သက်သေပြနေသည်။

တော်လှန်ရေးအဖွဲ့အစည်းပေါင်း ၃၀ နီးပါး၏ အသိအမှတ်ပြုမှုနှင့် မီဒီယာများ၏ အလေးပေးဖော်ပြမှုများအရ AA သည် လက်ရှိ မြန်မာ့ပဋိပက္ခတွင် အရှိန်အဝါအကြီးမားဆုံး အဆုံးအဖြတ်ပေးနိုင်သည့် အဖွဲ့အစည်း ဖြစ်လာခဲ့သည်ဟု ဖော်ပြထားသည်။