ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၇ ရက်

 

​ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေးစခန်း၌ ပြည်သူနှင့် ကုန်သည်များထံမှ မတရားဖမ်းဆီးသိမ်းဆည်းထားသည့် အခြေခံစား သောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းမျိုးစုံကို ရွေးတုအစိုးရလက်အောက်ခံ အကောက်ခွန်ဦးစီး ဌာနက ယနေ့ဇူလိုင် ၁၇ ရက်တွင် ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခဲ့ကြောင်း သိရသည်။

 

ရွေးတုအစိုးရ​တပ်သည် ၎င်းတို့ မတရားသိမ်းဆည်းထားသည့် Used Phone များ၊ Used Copier ယာဉ်များ၊ စက်အပိုပစ္စည်းများ၊ ကားတာယာများ၊ ဘက်ထရီများနှင့် အခြေခံစားသောက်ကုန်များကို ပြည်သူ့ဘဏ္ဍာအဖြစ် အမည်ပြောင်းလဲကာ ဇူလိုင် ၁၃ ရက်မှ ၁၆ ရက်အထိ လေလံပုံစံများ ရောင်းချခဲ့ပြီး ယနေ့တွင် လေလံပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

​အဆိုပါ လေလံတင်ခံရသည့် ကုန်ပစ္စည်းများသည် ကုန်သည်များက လမ်းခရီးတလျှောက် လုံခြုံရေးအကြောင်းပြ ဖွင့်လှစ်ထားသည့် စစ်တပ်ဂိတ်အဆင့်ဆင့်သို့ ငွေကျပ်သိန်းပေါင်းထောင်ချီ၍ ဆက်ကြေးပေးကာ သယ်ဆောင်လာခဲ့ရသည့် ပစ္စည်းများဖြစ်ကြောင်း နစ်နာသူများထံမှ သိရသည်။

 

ရွေးတုအစိုးရ​တပ်သည် လမ်းခရီးတလျှောက် ငွေညှစ်တောင်းခံခဲ့ပြီးနောက် ညောင်ခါးရှည်ဂိတ်အရောက်တွင် “တရားမဝင်ကုန်စည်” ခေါင်းစဉ်တပ်ကာ ပြည်သူ့ပစ္စည်းများကို အတင်းအဓမ္မ ဖမ်းဆီးသိမ်းဆည်းခဲ့ခြင်းဖြစ်သည်။

 

​မြန်မာနိုင်ငံသည် အိမ်နီးချင်း ထိုင်းနိုင်ငံမှ တင်သွင်းသော အခြေခံစားသောက်ကုန်အပါအဝင် ကုန်စည်များကို အဓိက အားထားနေရသော်လည်း၊ စစ်တပ်က လမ်းခရီး၌ တရားလက်လွတ် ဖမ်းဆီးအမြတ်ထုတ်နေခြင်းကြောင့် ပြည်တွင်း၌ ကုန်ပစ္စည်းပြတ်လပ်မှုနှင့် ကုန်ဈေးနှုန်းအဆမတန်ကြီးမြင့်မှုဒဏ်ကို ပြည် သူလူထုက ခံစားနေရခြင်းဖြစ်သည်။

 

Photo-MOI