ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၇ ရက်
ကရင်အမျိုးသားများ လိုလားတောင့်တနေသည့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အခြေ ခံသည့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ ပြီးပြည့်စုံခြင်း မရှိသေး သောကြောင့် လက်မလျှော့သော လုံ့လဝီရိယဖြင့် ဆက်လက် ကြိုးပမ်း အားထုတ်ကြရန် ကရင် အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောသည်။
ယမန်နေ့ ဇူလိုင် ၁၆ ရက်က ကျရောက်သော (၇၉) နှစ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နေ့သဝဏ်လွှာတွင် ကရင့်အမျိုးသားများ၏ ရှေ့ဆက်ရမည့် နိုင်ငံရေးလမ်းခရီးသည် အခက် အခဲအမျိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့ရဦးမည်ဟု KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းသည် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့အတူ ကရင့်အမျိုးသားများအကြား စည်းလုံးညီညွှတ်မှုအပြင် ဘဝတူ၊ ရည်မှန်းချက်ပန်းတိုင် တူနေကြသည့် အခြားလူမျိုးများ၊ သက်ဆိုင်ရာ အစုအဖွဲ့များနှင့် ညှိနှိုင်းလုပ်ဆောင်နိုင်မှုသည် မိမိတို့ အမျိုးသားများ၏ ရည်မှန်း ချက်ပန်းတိုင်သို့ ရောက်ရှိနိုင်ရေးသည် အဓိကသော့ချက်ပင်ဖြစ်ကြောင်း KNU ဥက္ကဋ္ဌက ဆိုသည်။
ယင်းအပြင်ရေရှည်တည်တံ့ခိုင်မြဲပြီး ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်သည့် ကော်သူးလေ (ကရင်ပြည်) နှင့်တကွ စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွက် ကြိုးပမ်းအားထုတ်ရာတွင် မတရားမှုအပေါင်းမှ ကာကွယ်ပိုင်ခွင့်နှင့် ခုခံတော်လှန်ပိုင်ခွင့် အခွင့်အရေးများလည်း ရှိနေသည်ကို သတိရှိကြရမည်ကြောင်း KNU ဥက္ကဋ္ဌက ဆက်လက်ပြောကြားသည်။
အာဏာသိမ်း စစ်အုပ်စုသည် ပြည်သူလူထုနှင့် အခြားသောလူမျိုးများ၏ ရည်မှန်းချက်များနှင့်အညီ နိုင်ငံကို ဖက်ဒရယ် ဒီမိုကရေစီစနစ်ဖြင့် တည်ဆောက်ရန် စိတ်ဆန္ဒ လုံးဝကင်းမဲ့နေပြီး ၎င်းတို့အာဏာနှင့် အကျိုးစီးပွားအား ထိပါးလာသည်ဟု ခံစားမိသည်နှင့် မတရားအကြောင်းပြချက်ဖြင့် အာဏာသိမ်း လေ့ရှိသော အလေ့အထများရှိကြောင်း KNU က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာသိမ်းခြင်းသည် စစ်အုပ်စု၏ သရုပ်သဏ္ဍာန်ကို ဧကန်အမှန် ပြသနေခြင်းဖြစ်ပြီး အာဏာ တည်တံ့ခိုင်မြဲရေးအတွက် အတုအယောင် ရွေးကောက်ပွဲအား ကျင်းပကာ ၂၀၀၈ ခြေ/ဥကို ပြန်လည်အသက်သွင်းရန်နှင့် ၎င်းတို့အပြင် အပေါင်းအပါများကိုပါ အာဏအပ်နှင်းရန် ကြိုးစားခြင်းဖြစ်သည်။
ထို့ကြောင့် နိုင်ငံရေးပြဿနာအတွက် အဖြေရှာပြီး နိုင်ငံ၏ပြဿနာကို ဖြေရှင်းနိုင်မည့် လုပ်ရပ် အလျှင်း မဟုတ်သလို ပဋိပက္ခနှင့် ပြဿနာများ ပိုမိုရှုပ်ထွေးစေရန် လုပ်ဆောင်ခြင်းသာဖြစ်ပြီး အဓိက အဖြေမှန်သည် နိုင်ငံရေးနယ်ပယ်များမှ စစ်အာဏာရှင်များ နုတ်ထွက်၍ စစ်အုပ်ချုပ်ရေးစနစ် အဆုံး သတ်ခြင်းဖြစ်ကြောင်း KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောသည်။
ဆက်လက်၍ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးစနစ်ကို ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ်ဖြင့် တည်ဆောက်သွားရန် တိုက်တွန်းခဲ့သည်။ ထိုအပြင် စစ်အုပ်စုသည် ၂၀၀၈ ခြေ/ဥဖြင့် စစ်အုပ်ချုပ်ရေးစနစ်ကို အခိုင်အမာ တည်ဆောက်ထားပြီး အာဏာ တည်မြဲရန် ပြည်သူနှင့် အခြားလူမျိုးများ၏ မွေးရာပါ အခွင့်အရေးများ ချိုးဖောက်နေကြောင်း ၎င်းက ဆိုသည်။
ဓာတ်ပုံ – KNU