ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၇ ရက်
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့တောင်ဘက်ခြမ်းရှိ ဖလူးနှင့် မင်းလက်ပံဒေသကို အင်အားသုံး ပြန်လည်သိမ်း ပိုက်ရန် ထိုးစစ်ဆင်လာသည့် ရွေးတုအစိုးရစစ်တပ်သည် တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များ၏ ဆုတ်ခွာစစ်ဗျူဟာအတွင်း ပိတ်မိကာ စကခ (၁၃) လက်အောက်ခံ ခမရ-၅၅၆ စစ်ကြောင်းတစ်ခုလုံးနီးပါး သေဆုံးပျက်စီးသွားကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
မြဝတီတောင်ဘက်ဒေသကို လေးရက်အတွင်း အပြီးသိမ်းပိုက်ရမည်ဟူသော အထက်ညွှန်ကြားချက် ဖြင့် ရွေးတုအစိုးရစစ်တပ်သည် ဇူလိုင်လ ၇ ရက်နေ့မှစတင်ကာ စစ်တပ်လက်အောက်ခံ ကရင်နယ်ခြား စောင့်တပ် (BGF) နှင့် DKBA ပူးပေါင်းအင်အား ၂,၀၀၀ ခန့်ကို အသုံးပြု၍ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ထင်အေး ကိုယ်တိုင် ကွပ်ကဲကာ ထိုးစစ်ဆင်လာခြင်း ဖြစ်သည်။
တိုက်ပွဲအတွင်း ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘော ဦးဆောင်သည့် တော်လှန်ရေး ပူးပေါင်းတပ်များက လေးကေ့ကော်အနောက်ဘက် “ရဲကုန်း” နေရာမှ မဟာဗျူဟာမြောက် ဆုတ်ခွာ ပေးကာ စစ်တပ်က ယင်းနေရာကို သိမ်းပိုက်ရရှိပြီဟု ထင်မှတ်စေရန် ဗျူဟာဆင်ခဲ့သည်။

ယင်းနောက် စစ်တပ်စစ်ကြောင်း ဝင်ရောက်လာချိန်ယမန်နေ့ ဇူလိုင် ၁၆ ရက် နေ့လယ် ၁၂ နာရီခန့်တွင် ဝင်ရောက်လာသည့် ခမရ-၅၅၆ စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်များက ဝိုင်းဝန်းပိတ်ဆို့ ခြေမှုန်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တိုက်ပွဲအတွင်း ခမရ-၅၅၆ မှ ဒု-တပ်ရင်းမှူး ဗိုလ်မှူးတင်ကို၊ BGF ဗိုလ်မုတ်သုန်အဖွဲ့မှ တပ်ခွဲမှူးတစ်ဦးနှင့် DKBA ဗိုလ်ဘိခွဲထွက်အဖွဲ့မှ တပ်ဖွဲ့ဝင်များအပါအဝင် စစ်ကြောင်းတစ်ခုလုံးနီးပါး သေဆုံးခဲ့ကြောင်း မြေပြင် သတင်းများအရ သိရသည်။
“တောင်ပိုင်းကို ရောက်လာတဲ့ ပြည်သူ့စစ် (ပစ) တွေက အသက်ရှင်ဖို့နဲ့ ဘဝတိုးတက်ရေး အခွင့် အလမ်းတွေ ရှိပါသေးတယ်။ လက်နက်နဲ့အတူ အလင်းဝင်ရင် ဆုကြေးရမှာဖြစ်သလို အသက် အာမခံချက်လည်း ရပါမယ်။ အာဏာရှင်ကို ပြန်တော်လှန်ချင်တဲ့ ပစတွေအတွက်လည်း အခွင့်အရေး ရှိတယ်။ စစ်မတိုက်ချင်တဲ့ ပစတွေအတွက်လည်း တတိယနိုင်ငံ ခိုလှုံခွင့် ရရှိမှာ ဖြစ်ပါတယ်။ ဒီလို ကောင်းမွန်တဲ့ အခွင့်အရေးတွေကို ရဖို့အတွက် လုပ်ရမှာက ပြည်သူ့ဘက်တော်သား တော်လှန်ရေး သမားတွေဆီမှာ လက်နက်ချ အလင်းဝင်ဖို့ပဲ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက် မမှားကြဖို့ ဆုတောင်းပေး ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ အာဏာရှင်အတွက် ဆက်ပြီး အလုပ်လုပ်နေမယ်ဆိုရင်တော့ ဒေါနတောင် တန်းက ပစသားတွေကို ကြိုက်တယ်လို့ပဲ ပြောရမယ်” ဟု ကော်ဘရာတပ်ဖွဲ့ဝင် ရဲဘော်မောင်မဲက ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် အသိပေးထားသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်တပ်၏ စစ်မှုထမ်းသင်တန်းဆင်း ပြည်သူ့စစ်တပ်သားသစ် လေး ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ထံမှ လက်နက် ၁၀ လက်ကျော်၊ ဒရုန်းဖျက် ဂျန်မာ စက် တစ်လုံးနှင့် ခဲယမ်းအမြောက်အမြားကို သိမ်းဆည်းရမိခဲ့သည်။
စစ်ကြောင်းတစ်ခုလုံးနီးပါး ပျက်စီးသွားခဲ့ပြီးနောက် ရွေးတုအစိုးရစစ်တပ်သည် ယနေ့ ဇူလိုင် ၁၇ ရက်နေ့တွင် ဂျက်တိုက်လေယာဉ်များနှင့် Y-12 လေယာဉ်များကို အသုံးပြုကာ အဆိုပါဒေသတစ်ဝိုက်သို့ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် စစ်မြေပြင်တွင် အရေးနိမ့်နေသည့် စစ်တပ်သည် တော်လှန်ရေးတပ်ဖွဲ့ (KNU/KNLA) အပေါ် ထိုင်းအစိုးရဘက်မှ ဖိအားပေးလာစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ လက်နက်ကြီး ကျည်များ တမင်ပစ်ခတ်လျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၁၀ ရက်နေ့ကလည်း မဲဆောက်မြို့ရှိ ထိုင်းဘုန်းကြီးကျောင်းဝင်းအတွင်းသို့ စစ်တပ်၏ လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲခဲ့သည်။
ထို့အပြင် တိုက်ပွဲတွင် အရေးနိမ့်နေသည့် စစ်တပ်သည် KNU/KNLA နှင့် ပူးပေါင်းတော်လှန်ရေး တပ်ဖွဲ့အပေါ် ထိုင်းအစိုးရမှ ဖိအားပေးလာစေရန် ရည်ရွယ်ချက်ဖြင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ လက်နက် ကြီးကျည်များ ပစ်ခတ်လျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှသိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၀ ရက်နေ့ကလည်း မဲဆောက်မြို့ရှိ ထိုင်းဘုန်းကြီးကျောင်းဝင်းအတွင်းသို့ စစ်တပ်၏ လက်နက်ကြီးကျည် ကျရောက်ခဲ့သည်။
ရွေးတုအစိုးရစစ်တပ်သည် မြဝတီတောင်ဘက်ဒေသများကို ပြန်လည်စိုးမိုးနိုင်ရေးအတွက် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် အောက်တိုဘာလကတည်းက စစ်ဆင်ရေးပြုလုပ်နေသည့် တော်လှန်ရေးပူးပေါင်းတပ်များ၏ စစ်ဗျူဟာမြောက် ဖြတ်တောက်တိုက်ခိုက်မှုများကြောင့် ယခုတစ်ကြိမ်တွင်လည်း အထိနာကာ ရှေ့တိုးနိုင်ခြင်းမရှိဘဲ အကျပ် ရိုက်လျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များ ထံမှ သိရသည်။
ပုံစာ- စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့သည့် ပြည်သူစစ် လေး ဦးကိုတွေ့ရစဉ်။