ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၇ ရက်
မြန်မာနိုင်ငံမှ ရိုဟင်ဂျာတွေ လိုက်ပါလာတဲ့ စက်လှေနှစ်စင်း ဘင်္ဂလားပင်လယ်အော်ထဲမှာ တိမ်း မှောက်ခဲ့ရာ လူပေါင်း ၅၀၀ ကျော် သေဆုံးသွားပြီလို့ ယူဆရကြောင်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ တာဝန်ရှိ သူတွေက မကြာသေးခင်က ပြောဆိုလိုက်ပါတယ်။
အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM) နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မ ဟာမင်းကြီးရုံး (UNHCR) တို့ရဲ့ ထုတ်ပြန်ချက်အရ အဆိုပါစက်လှေနှစ်စင်းဟာ ပြီးခဲ့တဲ့ ဇွန်လနှောင်းပိုင်း မှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ထွက်ခွာလာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတွေက လာသူတွေ လည်း ပါဝင်တယ်လို့ သိရပါတယ်။
ခရီးသည် ၂၅၀ ခန့် လိုက်ပါလာတဲ့ ပထမစက်လှေဟာ ထွက်ခွာပြီးမကြာခင်မှာ အဆက်အသွယ် ပြတ်တောက်သွားခဲ့သလို ခရီးသည် ၂၈၀ ခန့် လိုက်ပါလာတဲ့ ဒုတိယမြောက်စက်လှေက ဇူလိုင် ၈ ရက်မှာ ဧရာဝတီတိုင်းကမ်းရိုးတန်းအလွန်မှာ နစ်မြုပ်သွားခဲ့ပါတယ်။
အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး သေဆုံးသူအရေအတွက်ကို အတည်မပြုနိုင်သေးပေမယ့် အသက်ဆုံး ရှုံးမှု အများအပြား ရှိနိုင်တာကြောင့် အလွန်အမင်း စိုးရိမ်ပူပန်မိတယ်လို့ ကုလသမဂ္ဂအေဂျင်စီတွေက ဆို ပါတယ်။
ရိုဟင်ဂျာတွေဟာ မုတ်သုံမိုးသည်းထန်ပြီး ပင်လယ်လှိုင်းလေပြင်းထန်တဲ့ ရာသီမျိုးမှာ စက်လှေနဲ့ ခရီးသွားလေ့မရှိပေမဲ့ လက်ရှိအချိန်မှာ ဒေသတွင်း မိုးကြီးရေလျှံမှုတွေ ကြုံတွေ့နေရတဲ့ကြားက အခုလို စွန့်စားသွားလာခဲ့ကြတာဟာ အလွန်အန္တရာယ်ကြီးမားတဲ့ ခရီးစဉ်ဖြစ်တယ်လို့ UNHCR နဲ့ IOM က ပြော ပါတယ်။
၂၀၁၇ ခုနှစ် မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်း တွေထဲမှာ ရိုဟင်ဂျာ ၁ ဒသမ ၂ သန်းခန့် ခိုလှုံနေကြရပြီး ၎င်းတို့အနေနဲ့ မြန်မာနိုင်ငံကို ဘေးကင်းလုံခြုံစွာ ပြန်နိုင်မယ့်လမ်း မရှိသေးသလို မြန်မာနိုင်ငံရှိ ရိုဟင်ဂျာတွေမှာလည်း တင်းကျပ်တဲ့ ကန့်သတ်ချက်တွေနဲ့ အကျဉ်းစခန်းတွေထဲမှာပဲ နေထိုင်ရပါတယ်။
အမေရိကန်အပါအဝင် နိုင်ငံတကာက ကူညီထောက်ပံ့မှုတွေ ဖြတ်တောက်လိုက်လို့ ဘင်္ဂလား ဒေ့ရှ်စခန်းတွေမှာ ရိက္ခာပြတ်လပ်မှုတွေနဲ့ ကြုံနေရသလို ရခိုင်ပြည်နယ်မှာလည်း မြန်မာစစ်တပ်နဲ့ အာ ရက္ခတပ်တော် (AA) တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
မတည်ငြိမ်မှုတွေကြောင့် ရိုဟင်ဂျာတွေဟာ မလေးရှားနိုင်ငံသို့ရောက်ရှိဖို့အတွက် ယိုင်နဲ့နေတဲ့ လှေငယ်တွေနဲ့ ပင်လယ်ပြင်ကို စွန့်စားဖြတ်သန်းလာကြတာဖြစ်ပြီး လမ်းခရီးမှာ ကလေးငယ်တွေနဲ့ ကိုယ် ဝန်ဆောင်မိခင်တွေအပါအဝင် ထောင်နဲ့ချီ သေဆုံးခဲ့ရပါတယ်။
IOM နဲ့ UNHCR တို့က အခုဖြစ်ရပ်ဟာ ရိုဟင်ဂျာတွေအတွက် ရေရှည်တည်တံ့တဲ့ ဖြေရှင်းချက် မရှိ သေးတာကို ပြသနေတာဖြစ်လို့ ဒုက္ခသည်စခန်းက လူတွေကို ကူညီပေးကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်း ကို တိုက်တွန်းထားပါတယ်။
ကမ္ဘာ့အန္တရာယ်အရှိဆုံး ရေကြောင်းလမ်းတွေမှာ အသက်ဆုံးရှုံးမှုတွေ ထပ်မဖြစ်အောင် ဒေသ တွင်းနဲ့ နိုင်ငံတကာက ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးတွေလုပ်ဖို့နဲ့ လူကုန်ကူးမှုတွေကို နှိမ်နင်းဖို့ လို အပ်နေပြီး ၂၀၂၅ ခုနှစ်အတွင်း ရိုဟင်ဂျာ ၆,၅၀၀ ကျော် ထွက်ပြေးခဲ့ရာမှာ ၉၀၀ နီးပါး သေဆုံး ဒါမှမဟုတ် ပျောက်ဆုံးခဲ့လို့ သေဆုံးမှုနှုန်း အမြင့်ဆုံးနှစ်ဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကိုးကား – ABC News
Ref; More than 500 feared dead as reports of boats capsizing with Rohingya refugees