ဧရာ၀တီတိုင်းမ်
ဇူလိုင် ၁၇ ရက်
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း ဗြိတိသျှကိုလိုနီခေတ်သုံး ရှေးဟောင်း ငွေဒင်္ဂါးပြား ၂၉၂ ပြားကို ရှာဖွေတွေ့ရှိပြီးနောက် အပ်နှံခဲ့သည့် မြေးအဘိုးနှစ်ဦးအား ရခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခ တပ်တော် (ULA/AA) က ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို မြောက်ဦးခရိုင်အတွင်းရှိ နေရာတစ်ခုတွင် ကျင်းပခဲ့ပြီး ကိုလိုနီခေတ် ရှေးဟောင်းငွေဒင်္ဂါးပြားများကို တွေ့ရှိခဲ့သူများမှာ ဦးထွန်းခိုင်နှင့် ၎င်း၏မြေးဖြစ်သူ မောင်ဆိုင်းရဲလင်း ထိုက် တို့ ဖြစ်သည်။

မြေးအဘိုးနှစ်ဦးသည် ပြီးခဲ့သည့် မေ ၂၆ ရက်နေ့ ညနေပိုင်းက နေအိမ်ခြံဝင်းအတွင်း တွင်းတူးရာမှ မြေအိုးတစ်လုံးကို စတင်တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး မြေအိုးကို ဖွင့်လှစ်စစ်ဆေးရာတွင် ဗြိတိသျှကိုလိုနီ ခေတ်သုံး ရှေးဟောင်းငွေသားဒင်္ဂါးပြား ၂၉၂ ပြားကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
တွေ့ရှိရသည့် ငွေသားဒင်္ဂါးပြားများမှာ ရခိုင်ဒေသ ဗြိတိသျှတို့ လက်အောက်သို့ ကျရောက်နေသည့် ကာလအတွင်း ခရစ်နှစ် ၁၈၃၅ ခုနှစ်မှ ၁၉၁၃ ခုနှစ်အထိ သုံးစွဲခဲ့သော ဒင်္ဂါးပြားများ ဖြစ်ကြသည်။ ဒင်္ဂါးပြားများပေါ်ရှိ ဖော်ပြချက်များအရ ဗြိတိသျှခေတ်က ထုတ်ဝေခဲ့သည့်William III ၊ ဝိတိုရိယဘုရင်မကြီး (Queen Victoria) နှင့် Victoria Empress တို့ ခေတ်က ငွေသားဒင်္ဂါးပြားများ ဖြစ်ကြောင်း သိရသည်။

ဂုဏ်ပြုပွဲ အခမ်းအနားတွင် မြေးအဘိုးနှစ်ဦးက တွေ့ရှိထားသည့် ငွေဒင်္ဂါးပြားများကို ULA/AA တာဝန်ရှိသူများထံ အပ်နှံခဲ့ပြီး ULA/AA ဘက်ကလည်း အများပြည်သူအကျိုးပြု လုပ်ရပ်အတွက် တစ်ဦးလျှင် ငွေကျပ် ၈၇ သိန်း ၆ သောင်းစီနှင့်အတူ ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ် ချီးမြှင့်ခဲ့သည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်ကလည်း မြောက်ဦးမြို့တွင် မြောက်ဦးခေတ်သုံး ရခိုင် ရှေးဟောင်းရတနာပစ္စည်းအချို့နှင့် ငွေသားဒင်္ဂါးပြား ၁၅၀ ကျော်ကို လူငယ် ၄ ဦးက တွေ့ရှိကာ ULA/AA ထံ လာရောက်အပ်နှံခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃ ရက်ကလည်း ကျောက်တော်မြို့နယ်၊ မဟာမုနိကျေးရွာမှ ဦးထွန်းအောင်၏ ထုတ်ဖော်ပြောကြားချက်အရ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေခဲ့သည့် မြောက်ဦးခေတ် သမိုင်းဝင် “ပြည်စောင့်ရတနာခေါင်းလောင်း” ခေါ် ယတြာခေါင်းလောင်းကို ပြန်လည်တူးဖော် ရရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- APM