ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ဇူလိုင် ၁၇ ရက်

ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့တွင် ပျောက်ဆုံးနေသည့် ပညာရေးခရိုင်ရုံးဝန်ထမ်း Pu Pate ၏ ရုပ်အလောင်းကို Vankau ရပ်ကွက်ရှိ RC ဘုရားကျောင်းအနီးတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသူ Pu Pate သည် ပျောက်ဆုံးနေသည်မှာ ၁၀ ရက်ခန့် ရှိပြီဖြစ်ပြီး၊ ရုပ်အလောင်းကို ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့တွင် ပြန်လည်တွေ့ရှိခဲ့ကာ တွေ့ရှိချိန်တွင် ရက်စက်စွာ သတ်ဖြတ်ခံထားရသည့် ဒဏ်ရာများဖြင့် တွေ့ရှိခဲ့ရသည်။

“ရက်ရက်စက်စက် သတ်ဖြတ်ခံရတဲ့ ဒဏ်ရာတွေနဲ့ပြန်တွေ့တာ။ အလောင်းကို ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေကို ကြည့်ပြီး Pu Pate အလောင်းဆိုတာ ခွဲခြားသတ်မှတ်နိုင်ခဲ့တာပါ” ဟု ဖလမ်းမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အလောင်းတွေ့ရှိသည့်နေရာသည် စစ်တပ်တပ်စွဲထားသည့်နေရာနှင့် နီးစပ်သည့်အတွက် စစ်တပ်လက်ချက်ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုနေကြသည်။

“အလောင်းတွေ့တဲ့နေရာက စစ်သားတွေ တပ်စွဲထားတဲ့နေရာအနားမှာ ပြန်တွေ့တာပါ။ အကုန်လုံးက စစ်သားတွေသတ်တာလို့ ပြောကြတယ်။ ဒါပေမဲ့ လည်း အတည်မပြုနိုင်သေးဘူး”ဟု ဖလမ်းမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

သေဆုံးသူ Pu Pate သည် ပတ်ဝန်းကျင်နှင့် ဆက်ဆံရေးကောင်းမွန်သူတစ်ဦးဖြစ်ပြီး၊ ၎င်း၏ဇနီးမှာ ၂၀၂၅ ခုနှစ်အတွင်း ကလေးမြို့တွင် စစ်ဘေးရှောင်ရင်း ကွယ်လွန်သွားခဲ့ကာ လက်ရှိတွင် သမီးနှစ်ဦး ကျန်ရစ်ခဲ့သည်။ ရုပ်အလောင်းအား ဒေသခံများက Lampa သုဿာန်၌ င်္သဂြိုဟ်ပေးခဲ့ကြောင်း သိရသည်။

ဖလမ်းမြို့အား ၂၀၂၆ ခုနှစ် ဧပြီ ၂၅ ရက်တွင် စစ်တပ်က ပြန်လည်ထိန်းချုပ်ပြီးနောက်ပိုင်း ဖမ်းဆီးမှုများနှင့် သေဆုံးမှုဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်ကလည်း ဖလမ်း-ဟားခါးလမ်းပိုင်းရှိ စစ်တပ်စစ်ဆေးရေးဂိတ်
တစ်ခုတွင် ဖမ်းဆီးခံရသည့် အမျိုးသားနှစ်ဦးအနက် တစ်ဦးသေဆုံးခဲ့သည်။