ဧရာဝတီတိုင်းမ်
ဇွန် ၉ ရက်
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ကို ရွေးတုအစိုးရစစ်တပ်က ဝင်ရောက်စီးနင်းပြီးနောက် ဒေသခံပြည်သူ ၅၀ နီးပါးကို သတ်ဖြတ်စွန့်ပစ်ထားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့မှ ယခု ဇွန် ၂ ရက်နေ့အထိ ပခုက္ကူမြို့မှ ပျူစောထီးများနှင့် တပ်မ ၁၀၁ မှ တပ်ဖွဲ့ဝင်များ ပူးပေါင်းထားသည့် အင်အား ၄၀၀ ကျော်ပါစစ်ကြောင်းသည် မြစ်ခြေမြို့နှင့်အနီးတစ် ဝိုက်ကျေးရွာများကို ဝင်ရောက်စီးနင်းကာ ရွာများကို မီးရှို့ဖျက်ဆီးပြီး ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်ထံမှ သိရသည်။

“ဒေသခံတွေက ပြန်လာပြီးမနေရဲသေးဘူး။ စစ် ကြောင်းပြန်လှည့်လာမှာစိုးလို့။ မိသားစုဝင်ဖမ်းခံရသူတွေနဲ့ ကိုယ့်နေအိမ်ပြန်လာကြည့်တဲ့သူအချို့လောက်ပဲ မြို့ပေါ်ကို ဝင်ကြည့်တာပါ။ သတ်ဖြတ်ပြီး စွန့်ပစ်ထားတဲ့ အလောင်းတွေပုပ်ပွနေတာကို တွေ့ခဲ့ရတယ်”ဟု မြစ်ခြေဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကြောင်းထွက်သွားပြီးနောက် ပြီးခဲ့သည့်ရက်ပိုင်း ဇွန် ၆ ရက်နေ့က ဒေသခံအချို့ မြို့ပေါ်သို့ ဝင်ရောက်ရးကြည့်ရှုစဉ် စစ်တပ်က အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ ထပ်မံတွေ့ရှိသည့်အတွက် သေဆုံးသူ ၅၀ ကျော်လာပြီဖြစ်သည်။
မြစ်ခြေမြို့နှင့် အနီးရှိထန်းတောချောက်၊ ညောင်ပင်၊ ဥယျာဉ်၊ နံကပ်၊ မွန်းနံကုန်း၊ အင်းဝိုင်း၊ ကူကျွန်း၊ အိုင်ရှည်၊ သဖန်းပင်စသည့်ရွာများနှင့် ရွာပေါင်း ၁၀ ရွာကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကာ အိမ်ခြေ ၁၀၀၀ ခန့် မီးရှို့ဖျက်ဆီးခဲ့ပြီး အမျိုးသမီးနှင့် ကလေးငယ်များကိုပါ အစုလိုက်ပြုံလိုက် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
စစ်ကြောင်းဝင်ရောက်လာသည့်အတွက် ဘုန်းကြီးကျောင်းသို့ ထွက်ပြေးသည့် ပြည်သူ ၁၃ ဦးကိုလည်း အစုလိုက်အပြုံလိုက် သတ် ဖြတ်ခဲ့သည်ဟုဆိုသည်။
နေအိမ်များကို စစ်တပ်ကမီးရှို့စဉ်တွင် ပြည်သူအချို့ကိုပါ အိမ်အတွင်းထည့်၍ မီးရှို့သည့်အတွက် အလောင်းမရသည့် သေဆုံးသူများလည်းရှိနေသေးသည်။