ဧရာဝတီတိုင်းမ်
ဇွန် ၈ ရက်
ကချင်ပြည်နယ်၊ ရွှေကူမြို့အတွင်း နေထိုင်ကြသည့် ဒေသခံပြည်သူများကို မြို့အတွင်းမှ ထွက်ခွာတိမ်း ရှောင်ကြရန် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က သတိပေး ထုတ်ပြန်လာသည်။
KIA တပ်မဟာ (၁၁) ၊ တပ်ရင်း-၁၂ နယ်မြေ ရွှေကူမြို့အဝင်လမ်းမကြီးနှင့် ငါးအိုး- ရွှေကူ လမ်းမကြီး အားလုံးကို ယနေ့ ဇွန် ၈ရက်နေ့မှစ၍ ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်လိုက်ပြီး ရွှေကူမြို့မှ ထွက်ခွာကြရန်လည်း သတိပေးလာသည်။
လမ်းပိုင်းအသုံးပြုသူများအနေဖြင့် တော်လှန်- လမ်းကူး- စီသာ- မိုးကင့်- စီဖွား လမ်းပိုင်းကိုသာ အသုံးပြုကြရန်နှင့် ပိတ်ပင်ထားသောလမ်းပိုင်းများကို သွားလာပါက နောက်ဆက်တွဲပေါ်လာမည့် ပြဿနာများကို တာဝန်မယူကြောင်း KIA၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရွှေကူမြို့အတွင်းမှထွက်ခွါတိမ်းရှောင်ခြင်းမရှိဘဲ ဆက်လက်နေထိုင်သူများကိုလည်း နောက်ဆက်တွဲ ပြဿနာများကို တာဝန်မယူကြောင်း KIAကဆိုထားသည်။
ရွေးတုအစိုးရစစ်တပ်၏ စစ်ယာဉ်တန်းများသည် ထောက်ပံ့ပစ္စည်းပို့ဆောင်သည်ဟုဆိုကာ ပြီးခဲ့သည့် ဇွန် ၆ရက်နေ့က ရွှေကူမြို့အတွင်း ဝင်ရောက်ခဲ့ပြီး ရှမ်းမြောက် မဘိမ်းရှိ ငါးအိုးမှ စစ်ကြောင်းများလည်း ကချင် ပြည်နယ်အတွင်း တပ်ဖြန့်လာပြီဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန် ၄ရက်နေ့ကလည်း ရွှေကူရှိ စီတာကျေးရွာ ဆေးရုံနှင့် KIA ရုံးဟောင်းတို့ကို စစ်တပ်က လေ ကြောင်း တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။ ထို့ပြင် စစ်တပ်သည် ရွှေကူကို ငါးအိုး ခလရ ၁၂၁မှ စစ်ကြောင်း များဖြန့်ခွဲပြီး ဝင်ရောက်ရန် ကြိုးပမ်းနေသည့်အတွက် တိုက်ပွဲများ ရှိနေသည်။
ယခုအခါ ဒေသခံများအနေဖြင့် ရွှေကူမြို့အတွင်းမှ တိမ်းရှောင်ထွက်ခွာကြရန်ပါ KIA က သတိပေး လာသည့်အတွက် ရွှေကူမှ ဗန်းမော်အထိတက်ရန် ရည်ရွယ်နေသည့် ရွေးတုအစိုးရစစ်တပ်နှင့် တော်လှန် ရေးပူးပေါင်းအဖွဲ့များကြား တိုက်ပွဲများ ပြင်းထန်လာမည့် အခြေအနေတွင် ရှိကြောင်း သိရသည်။
ဓာတ်ပုံ- လူမှုကွန်ရက်