ဧရာဝတီတိုင်းမ်
(ရေတာရှည်)၊ ဇွန် ၈ ရက်

 

ပဲခူးတိုင်း(အရှေ့ခြမ်း)၊ ရေတာရှည်မြို့နယ်အတွင်း ရွေးတုအစိုးရစစ်တပ်က ဆက်လက်စစ်ကြောင်း ထိုးနေပြီး ဒေသခံနေအိမ်များကိုမီးရှို့ဖျက်ဆီးနေကာ တော်လှန်ရေးတပ်ဖွဲ့များနှင့်လည်း ထိတွေ့တိုက်ပွဲ များ ဆက်တိုက်ဖြစ်ပွားနေကြောင်း သိရသည်။

 

ရွေးတုအစိုးရစစ်တပ်သည် အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးနေကာ ယနေ့ ဇွန် ၈ ရက်နေ့၊ နေ့လယ်ပိုင်းက ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ ပိတောက်ကုန်းကျေးရွာသို့ ဝင်‌ရောက်ကာ ဒေသခံနေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“စကမ(စစ်တပ်) ဖက်က မြေပြင်နဲ့ လေကြောင်းသုံးပြီး စစ်ကြောင်းထိုးလာတဲ့အတွက် ကျွန်တော်တို့ တပ်တွေနဲ့တိုက်ပွဲတွေဖြစ်နေပါတယ်။ စစ်တောင်းအရှေ့က ရွာတွေကိုမီးရှို့ပြီး ဗုံးကြဲတိုက်ခိုက်မှု တွေကြောင့် ပြည်သူတွေထိခိုက်မှုတွေနဲ့ စစ်ဘေးရှောင်နေကြရတဲ့ အနေအထားဖြစ်ပါတယ်ဗျ” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာနမှ ရဲဘော်လက်ျာက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

စစ်တပ်သည် ယခု ဇွန်လအစပိုင်းမှ စတင်ကာ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဇွန် ၃ ရက်နေ့က ဆွာမြို့ရှိ ဆွာမကြီး(ဆွာရွာမ)ကျေးရွာတွင် အထိုင်ချထားသည့် စစ်တပ်စခန်းကို တိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူးဗိုလ်မှူးအပါအဝင် တပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း နေပြည်တော်PDF ထံက သိရသည်။

 

လက်ရှိတွင် စစ်တပ်သည် ပဲခူးတိုင်း အရှေ့ခြမ်းနှင့် အနောက်ခြမ်းမြို့နယ်များဖြစ်သည့် ရေတာရှည်၊ ကျောက်တံခါး၊ ညောင်လေးပင်၊ နတ်တလင်း၊ အုတ်ဖို စသည့်မြို့နယ်များတွင် စစ်ကြောင်းထိုးကာ ဒေသခံများကိုဖမ်းဆီးသတ်ဖြတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်း၊ နေအိမ်မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

 

ဓာတ်ပုံ – ပေးပို့