ဧရာဝတီတိုင်းမ်
ဇွန် ၈ရက်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်မှ ကမ်းတက်ရန် ကြိုးစားခဲ့သည့် ရွေးတုအစိုးရစစ်တပ်စစ်ကြောင်းများသည် အာရက္ခတပ်တော် (AA)၏ တိုက်ခိုက်ခြင်းကိုခံရပြီး ရေတပ်မကျစေရေး လုံးပမ်းနေရပြီဖြစ်ကြောင်း သိရသည်။
AA သည် ယနေ့ ဇွန် ၈ရက် နံနက်ပိုင်းမှစကာ တောင်မော်ဦးရေတပ်ကို ဦးတည် တိုက်ခိုက်နေပြီး ရွေးတုအစိုးရ စစ်တပ်က အင်အားဖြည့်ထားသည့် စစ်ကူများဖြင့် တပ်ဖြန့်ခုခံနေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
”စစ်တပ်က ပြန်ထိုးစစ်ဆင်တယ်ဆိုပြီး အင်အားဖြည့်တပ်ဖြန့်လာတာရှိပေမယ့် AA က အရှိန်မကျ သွားဘူးပေါ့။ ရွာဟောင်းတောင် ကာကင်းကို ထိုးနေရာကနေ အခု ရေတပ်ကို ထိုးတယ်ဆိုတော့ ကာကင်း အားလုံးနီးပါးကျသွားပြီလို့ ယူဆပါတယ်” ဟု ကျောက်ဖြူ ဒေသခံသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်တပ်သည် ပြီးခဲ့သည့် ဇွန် ၆ ရက်နေ့က တောင်မော်ဦးရေတပ်ကို စစ်ကူ ထပ်ဖြည့်ခဲ့ပြီး အင်အား ၁၀၀ ပါစစ်ကြောင်းဖြင့် တပ်ဖြန့်လာသည့်အတွက် AA က တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိခဲ့သည်။
အာရက္ခတပ်တော်(AA) သည် တောင်မော်ဦးရေတပ်၏ ကာကင်းစခန်းများဖြစ်သည့် စံပယ်ချောင်း၊ မျှောချောင်း၊ ဒွေးချကုန်းနှင့် အခြားကာကင်းတို့ကို ဇွန် ပထမပတ်အတွင်း သိမ်းယူရရှိခဲ့ပြီး ယခုအခါ တောင်မော်ဦးရေတပ်ကို ထိုးစစ်ဆင်လာခြင်းဖြစ်သည်။
ကျောက်ဖြူ- ရမ်းဗြဲလမ်းပိုင်းကို နယ်မြေစိုးမိုးလို့သည့် စစ်တပ်သည် တောင်မော်ဦးရေတပ်ကို အင်အား ၅၀၀ ခန့်ပို့၍ ကမ်းတက်ရန်ကြိုးပမ်းခဲ့သော်လည်း သေဆုံးမှုများပြီး ရေတပ်မကျစေရေး အပြင်းအထန် ကာကွယ်နေရကြောင်း သိရသည်။
ရွေးတုအစိုးရစစ်တပ်သည် စစ်ရေးရှုံးနိမ့်မှုကြောင့် စစ်ရေးပစ်မှတ်မဟုတ်သည့် ကျောက်ဖြူရှိ ကျေးရွာအချို့နှင့် ရမ်းဗြဲမြို့နယ်ကို လေ ကြောင်း၊ ဒရုန်းတို့ဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်မှုများ ပြုလုပ်နေသည်။ ပြီးခဲ့သည့် ဇွန် ၆ရက် ညပိုင်းတွင် ကျောက်ဖြူရှိ စစ်ရှောင်ပြည်သူများရှိရာ ဘယာ၊ ကုလားတွင်း၊ သစ်ကတိုးကျေးရွာများကို Y12လေယာဉ်ဖြင့် ဗုံး ရှစ် လုံးကြဲချတိုက်ခိုက်ခဲ့သည်။
ထို့အပြင် ရမ်းဗြဲမြို့နယ် လေးတောင်မြို့ကိုလည်း လေကြောင်း၊ အသေခံဒရုန်းတို့ဖြင့် တိုက်ခိုက်ခဲ့သည့် အတွက် လူထိခိုက်သေဆုံးမှုများ ရှိနေသည်။
ပုံစာ- ရွေးတုတပ်၏ ကျောက်တော်တပ်နယ်အား AA သိမ်းပိုက်ခဲ့စဉ် ဓာတ်ပုံ-AA Info Desk (ပုံဟောင်း)