ဧရာဝတီတိုင်းမ်
ဇွန် ၈ ရက်

 

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၊ မင်ဒါနာအိုကျွန်းပေါ်ရှိ ဂျင်နရယ်ဆန်တို့စ်မြို့တွင် ယနေ့ ဇွန် ၈ ရက်နေ့နံနက်ပိုင်းက ပြင်းအား ၇ ဒသမ ၈ ရှိ အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် လူနှစ်ဦး သေဆုံးပြီး နှစ်ဦး ပျောက်ဆုံးနေကြောင်း ဖိလစ်ပိုင်နိုင်ငံ ကြက်ခြေနီအသင်းက ထုတ်ပြန်သည်။

 

ယနေ့ ဇွန် ၈ ရက် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်အထိ ရရှိထားသော သတင်းများအရ ငလျင်လှုပ်ခတ်မှုကြောင့် အဆောက် အအုံများ ပြိုကျပျက်စီးခဲ့ပြီး အပျက်အစီးများကြားမှ လူနှစ်ဦး၏ ရုပ်အလောင်းကိုဆယ်ယူရရှိထားကာ ပျောက်ဆုံးနေသူ နှစ်ဦးကိုမူ ဆက်လက်ရှာဖွေနေဆဲ ဖြစ်သည်။

အဆိုပါ ဖိလစ်ပိုင်ကမ်းရိုးတန်းတွင် အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ခြင်းကြောင့် ကမ်းရိုးတန်းဒေသအချို့၌ ၃ မီတာ (၁၀ ပေ) အထိ မြင့်မားသော ဆူနာမီလှိုင်းများ ရိုက်ခတ်နိုင်ကြောင်း ပစိဖတ်ဆူနာမီသတိပေးချက်စင်တာက သတိပေးထားသည်။ အလားတူ အင်ဒိုနီးရှားနှင့် မလေးရှား ကမ်းရိုးတန်းအချို့တွင်လည်း ၁ မီတာ (၃ ပေ) အထိ မြင့်သော လှိုင်းများ ရိုက်ခတ်နိုင်ကြောင်း သိရသည်။

 

“မဆိုင်းမတွဘဲ အခုချက်ချင်း ရွှေ့ပြောင်းကြပါ။ ပြည်သူတို့ရဲ့ အသက်ဟာ နောက်ချန်ထားခဲ့ရတဲ့ ဘယ်အရာထက်မဆို ပိုပြီး အဖိုးတန်ပါတယ်” ဟု ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်ဂျူနီယာက ထုတ်ပြန်တစ်ခုတွင် တိုက်တွန်းထားသည်။

 

ထို့ပြင် အစိုးရဌာနများက ပျက်စီးဆုံးရှုံးမှုများကို ဆက်လက်တွက်ချက်နေပြီး ကယ်ဆယ်ရေးလုပ်ငန်းများအတွက် လိုအပ်သော လမ်းကြောင်းများ ရှင်းလင်းခြင်းနှင့် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်လည်ပတ်ခြင်းများကို လုပ်ဆောင်နေပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယခုငလျင်သည် အစိုးရစာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်သည့်နေ့တွင် တိုက်တိုက်ဆိုင်ဆိုင် လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနား ကျင်းပနေစဉ် ငလျင်လှုပ်ခတ်ခဲ့သဖြင့် ကျောင်းသားငယ်များ ထိတ်လန့်တကြား ဘေးလွတ်ရာသို့ ပြေးလွှားခဲ့ရသည်။

 

“ငလျင်ဒဏ်သင့်ဒေသမှာရှိတဲ့ စာသင်ကျောင်းတွေကို နောက်ထပ်အမိန့်မထုတ်မချင်း ယာယီပိတ်ထားဖို့ ညွှန်ကြားထားပါတယ်။ ကျွန်တော်တို့ ကလေးတွေရဲ့ ဘေးကင်းလုံခြုံရေးက ပထမဆုံးပါပဲ” ဟု ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်ဂျူနီယာက ဆိုသည်။

 

ယင်းပြင် ငလျင်ကြောင့် စိတ်ဒဏ်ရာရရှိသွားသော ကျောင်းသား၊ ကျောင်းသူအများအပြားကို ပြုစုစောင့်ရှောက်ပေးရန် အထက်တန်းကျောင်း သုံးကျောင်းသို့ သွားရောက်၍ ကူညီပေးခဲ့ရကြောင်း ဖိလစ်ပိုင်ကြက်ခြေနီအသင်းထံမှ သိရသည်။

 

လက်ရှိတွင် အရေးပေါ်ညွှန်ကြားချက်အတိုင်း ဆေးဝါးကုသရေး၊ သွေးလှူဘဏ်နှင့် ကယ်ဆယ်ရေးအဖွဲ့များကို မြို့အနှံ့အပြားတွင် အပြည့်အဝ စေလွှတ်ထားပြီး၊ ပျောက်ဆုံးနေသူအားလုံးကို ပြန်လည်ရှာဖွေတွေ့ရှိသည့်အထိ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။

 

ဖိလစ်ပိုင်နိုင်ငံသည် သမုဒ္ဒရာကို ဝန်းရံထားသည့် ငလျင်ပြတ်ရွေ့ကြောများ တည်ရှိရာ ကမ္ဘာ့ငလျင်ကွင်း (Ring of Fire) ပေါ်တွင် တည်ရှိနေခြင်းကြောင့် ငလျင်လှုပ်ခတ်မှုများနှင့် မီးတောင်ပေါက်ကွဲမှုဒဏ်ကို မကြာခဏ ခံရလေ့ရှိသည်။ ထို့ပြင် ဖိလစ်ပိုင်ကျွန်းစုသည် နှစ်စဉ်နှစ်တိုင်း တိုင်ဖွန်းမုန်တိုင်းနှင့် အပူပိုင်းမုန်တိုင်း အလုံးရေ ၂၀ ခန့် တိုက်ခတ်ခြင်းကိုလည်း ခံစားရလေ့ရှိကြောင်း သိရသည်။

 

မြန်မာနိုင်ငံတွင် ယမန်နှစ် ၂၀၂၅ ၊ မတ် ၂၈ ရက်နေ့က ပြင်းအား ၇.၇ အဆင့်ရှိ စစ်ကိုင်းငလျင်ကြီးလှုပ်ခတ် မှုကြောင့် လူပေါင်း ၃၈၀၀ ကျော် သေဆုံးကာ ရာနှင့်ချီ ပျောက်ဆုံးခဲ့ရသည်။

 

ဓာတ်ပုံ – ဖိလစ်ပိုင်ကြက်ခြေနီအဖွဲ့၊ လူမှုကွန်ရက်
ကိုးကား – The Guardian, Philippines Red Cross (Ref: Strong earthquake strikes southern Philippines with tsunami warnings issued)