ဧရာဝတီတိုင်းမ်
ဇွန် ၈ ရက်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့၊ ကောင်းတပ်ကျေးရွာတွင် ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့က ဖြစ်ပွားခဲ့သော ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ပလောင်ပြည်နယ်လွတ် မြောက်ရေးတပ်ဦး (PSLF/TNLA) အနေဖြင့် ဝမ်းနည်းကြေကွဲရကာ လေးနက်စွာတောင်းပန်ကြောင်း ဆိုထားပြီး ကွယ်လွန်သူများအား ရည်စူး၍ ရက်လည်ဆွမ်းသွပ် တရားနာခြင်းနှင့် ကျန်ရစ်သူ မိသားစုများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ ရက်လည်ဆွမ်းသွပ်တရားနာ အလှူတော် အခမ်းအနားကို ပြီးခဲ့သည့် ဇွန် ၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး PSLF/TNLA ၏ ဒုဥက္ကဋ္ဌ (၁) ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား၊ ဒုဥက္ကဋ္ဌ (၂) ဗိုလ်ချုပ် တားခူလန်၊ အထွေထွေ အတွင်းရေးမှူး (၁) ဗိုလ်မှူးချုပ် တားအိုမ်တမာဝ်း၊ အထွေထွေအတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး တားပန်လနှင့် တာဝန်ရှိသူမျာ၊ ဒေသခံပြည်သူများနှင့် ကျန်ရစ်သူမိသားစုဝင်များ တက်ရောက် ခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူများ၏ ကျန်ရစ်သူမိသားစုများအား PSLF/TNLA က လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် ကွယ်လွန်သူတစ်ဦးလျှင် မြန်မာငွေကျပ်သိန်း ၁၀၀ နှုန်းဖြင့် အဖွဲ့၏ သီးသန့်ရန်ပုံငွေမှ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့ပြင် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအတွက်လည်း လိုအပ်သည့် ဆေးဝါးကုသမှုများ နှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆက်လက်ပံ့ပိုးကူညီပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တက်ရောက်လာကြသည့် PSLF/TNLA ခေါင်းဆောင်များက ယခုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများအပေါ် အလေးအနက်ထား၍ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ထိခိုက် နစ်နာခဲ့ရသည့် ပြည်သူများ ပြန်လည်ထူထောင်နိုင်ရေးအတွက် အစွမ်းကုန် ကူညီဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိတွင် ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ဖွဲ့စည်းထားသည့် ကော်မတီ အနေဖြင့် ပြည်တွင်း၊ ပြည်ပ အနယ်နယ်အရပ်ရပ်မှ စေတနာရှင်များ လှူဒါန်းထားသည့် အလှူငွေ တရုတ်ယွမ်ငွေ ၂၀၆,၄၃၅ ယွမ်နှင့် မြန်မာကျပ်ငွေ ၉၀၀,၄၁၈,၃၅၀ ကျပ် (ကျပ်သိန်း ကိုးထောင်ကျော်) ကို လက်ခံရရှိထားပြီး ဖြစ်သည်။
ပြီးခဲ့သည့် မေလ ၃၁ ရက် နေ့လယ်ပိုင်းက နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက်ရှိ တအာင်းတပ် (TNLA) ၏ ယမ်းသိုလှောင်သည့် ဂိုထောင်တစ်ခု ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အဆိုပါဖြစ်စဉ်ကြောင့် ဒေသခံ ၆၀ ကျော် သေဆုံးခဲ့ရကာ ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြထား သော်လည်း TNLA ကမူ သေဆုံးသူ ၄၃ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၇၅ ဦး ရှိကြောင်း ဇွန်၁ ရက် နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ဓာတ်ပုံ-PSLF/TNLA