ဧရာဝတီတိုင်းမ်
ဇွန် ၈ ရက်
နိုင်ငံတကာ ပိတ်ဆို့မှုတွေ ခံထားရတဲ့ မြောက်ကိုရီးယားအတွက် ဆယ်စုနှစ်ပေါင်းများစွာ အဓိက အားကိုးခဲ့ရတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ၂၀၁၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မြောက်ကို ရီးယားကို ရောက်ရှိလာခဲ့ပါတယ်။
ပြုံယမ်းလေဆိပ်မှာ ကင်ဂျုံအန်နဲ့ ဇနီးဖြစ်သူတို့က ကော်ဇောနီခင်းပြီး ကိုယ်တိုင်လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြသလို မပြိုကွဲနိုင်တဲ့ ချစ်ကြည်ရေးဆိုတဲ့ စာတန်းတွေနဲ့ ဂုဏ်ပြုခဲ့ကြပါတယ်။
ရှီကျင့်ဖျင်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ရုရှားသမ္မတ ပူတင်တို့နဲ့ ပေကျင်းမှာ သီးခြားစီ တွေ့ဆုံပြီးခရီးအပြီးမှာမှ အခုလို မြောက်ကိုရီးယားကို လာခဲ့တာပါ။
ပြီးခဲ့တဲ့လက အမေရိကန်နဲ့ တရုတ် ထိပ်သီးတွေ့ဆုံပွဲတုန်းက မြောက်ကိုရီးယားကို နျူကလီးယား ဖျက်သိမ်းရေးအတွက် နှစ်နိုင်ငံ သဘောတူထားတယ်လို့ အိမ်ဖြူတော်က ပြောခဲ့ပေမဲ့ ရှီကျင့်ဖျင် မလာခင် နာရီပိုင်းအလိုမှာပဲ ကင်ဂျုံအန်ရဲ့ ညီမဖြစ်သူက နျူကလီးယားအစီအစဉ်ဟာ လုံးဝ နောက်ကြောင်းပြန် လှည့်မှာ မဟုတ်ဘူးလို့ ပြတ်ပြတ်သားသား တုံ့ပြန်ထားပါတယ်။
တောင်ကိုရီးယားသမ္မတ လီဂျေမြောင်က မြောက်ကိုရီးယားဟာ အခုအချိန်အထိ နျူကလီးယား ပစ္စည်းတွေ ဆက်ထုတ်နေပေမဲ့ သူတို့ဘက်ကတော့ မြောက်ကိုရီးယား နျူကလီးယားဖျက်သိမ်းရေး မျှော် လင့်ချက်ကို လက်မလျှော့သင့်ဘူးလို့ တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ ၂၀၁၉ ခုနှစ်က ခေါင်းဆောင် ကင်ဂျုံအန်နဲ့ ဒေါ်နယ်ထရမ့်တို့ရဲ့ ထိပ် သီးဆွေးနွေးပွဲမှာ နျူကလီးယားဖျက်သိမ်းမယ့်အတိုင်းအတာနဲ့ ပိတ်ဆို့မှုတွေ လျှော့ပေါ့ပေးမယ့်ကိစ္စ သ ဘောတူညီချက်မရဘဲ ပျက်ပြားသွားခဲ့ပြီးကတည်းက ဘယ်လိုမှ နောက်ကြောင်းပြန်လှည့်လို့မရတော့တဲ့ နျူကလီးယားပိုင်ဆိုင်တဲ့နိုင်ငံအဖြစ် ကြေညာထားခဲ့တာ ဖြစ်ပါတယ်။
ယူကရိန်းစစ်ပွဲအတွင်းမှာ ရုရှားစစ်တပ်ဘက်ကနေ ကူညီတိုက်ခိုက်ပေးဖို့ မြောက်ကိုရီးယားတပ် ဖွဲ့တွေကို စေလွှတ်ပေးခဲ့ပြီးနောက် ရုရှားကနေ အရေးပါတဲ့ စစ်ရေးနဲ့ စီးပွားရေးဆိုင်ရာ ထောက်ပံ့ကူညီမှု တွေကို ရရှိထားတာကြောင့် ကင်ဂျုံအန်ဟာ ပိုပြီးတော့ ရဲတင်းလာခဲ့ပါတယ်။
ရှီကျင့်ဖျင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ကင်ဂျုံအန်နဲ့ နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့တာဖြစ်ပြီး ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း အနှစ် (၈၀) ပြည့် အထိမ်းအမှတ်အဖြစ် ပေကျင်းမှာကျင်းပတဲ့ စစ်ရေးပြအ ခမ်းအနားကို တက်ရောက်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ ရုရှားသမ္မတ ပူတင်တို့ကို ဖိတ် ကြားခဲ့တာ ဖြစ်ပါတယ်။
ကိုးကား – AFP
Ref; China’s Xi lands in North Korea for rare visit