ဧရာဝတီတိုင်းမ်
ဇွန် ၇ ရက်

 

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်အတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုအတွင်းသို့ ခိုးဝင်ပြီး လုံခြုံရေး ဝန်ထမ်းအားရိုက်နှက်ကြိုးတုပ်ကာ ထိုင်းဘတ်ငွေ ခြောက်သိန်းတန်ဖိုးရှိ လျှပ်စစ်ကေဘယ်ကြိုးများကို ဓားပြတိုက်ခိုးယူသွားသည့် မြန်မာဂိုဏ်းအဖွဲ့ဝင်များကို ယမန်နေ့ ၇ ရက်နေ့က ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်တွင် အဆိုပါဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ လူ ၁၀ ဦးထက်မနည်း ပါဝင်သည့် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး၊ အသက် ၆၂ နှစ်အရွယ် လုံခြုံရေးဝန်ထမ်းကို သေနတ်၊ ဓားများဖြင့် ရိုက်နှက်ခြိမ်းခြောက် နှောင်ကြိုးတုပ်ကာ လျှပ်စစ်ကေဘယ်ကြိုးအသစ် အများအပြားကို အသင့်စောင့်ဆိုင်းနေသည့် ပစ်ကပ်ကားနှစ်စီးပေါ်သို့ တင်ဆောင်ကာ မောင်းနှင်ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

 

ယင်းနောက် ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများမှတစ်ဆင့် စုံစမ်းစစ်ဆေးမှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာ သံသယရှိသူများ အသုံးပြုခဲ့သည့် မသင်္ကာဖွယ် မော်တော်ယာဉ်တစ်စီးကို ရယောင်းခရိုင်အတွင်း၌ ရှာဖွေတွေ့ရှိခဲ့သည်။ ထို့နောက် ယာဉ်မောင်းဖြစ်သူ အသက် ၃၄ နှစ်အရွယ် ရဲထွေးနှင့် ၎င်း၏ချစ်သူ အမျိုးသမီးအပါအဝင် ဆက်စပ်သူများကို ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။

၎င်းတို့၏ ထွက်ဆိုချက်မှတစ်ဆင့် ကွင်းဆက်လိုက်လံ ဖမ်းဆီးခဲ့ရာ ဓားပြမှုတွင် ပူးပေါင်းပါဝင် သူများဖြစ်ကြသည့် စိုင်းထက်အောင် ၂၇ နှစ် ၊ ဝေယံ ၁၈ နှစ် နှင့် ရဲကိုလင်း ၃၄ နှစ် တို့ သုံး ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ လေး ဦးစလုံးမှာ ကေဘယ်ဓားပြတိုက်မှုတွင် ပါဝင်ခဲ့ကြောင်းကို ဝန်ခံ ထွက်ဆိုခဲ့ကြကြောင်း သိရသည်။

 

ဖမ်းဆီးရမိသူအားလုံးမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဖြစ်ကြပြီး အဆိုပါဓားမြဂိုဏ်းမှာ အနီးအနားရှိ နယ်မြေများတွင်လည်း ယခုကဲ့သို့ခိုးမှု၊ လုယက်မှုပေါင်းများစွာကို ကျူးလွန်ထားကြောင်း ယူဆရသည်သည့် ရာဇဝတ်ဂိုဏ်းတစ်ခုဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ယူဆထားသည်။

 

လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်နေသည့် ဂိုဏ်းခေါင်းဆောင်မောင်မောင် ဆိုသူအပါအဝင် ကျန်ရှိ နေသည့် ဂိုဏ်းသားများကို ဖမ်းဆီးရမိရန် ရဲတပ်ဖွဲ့ကကြိုးပမ်းနေကြောင်း ထိုင်းသတင်းမီဒီယာ များ၏ ဖော်ပြချက်အရ သိရသည်။

 

ကိုးကား – Khaosod English
Ref; MYAMNAR GANG ARRESTED AFTER TYING UP GUARD, STEALING 600,000-BAHT CABLES IN CHONBURI.