ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာဝတီတိုင်းမ်၊ ဇွန် ၇ ရက်)
ပြီးခဲ့တဲ့အပိုင်း (၁) မှာ မိုးရာသီအိမ်တွင်းမှာ အတွေ့ရအများဆုံး သာမန်အင်းဆက် (၅) မျိုးအကြောင်း ပြောပြပေးခဲ့ပြီးပြီဆိုတော့ ဒီနေ့ အပိုင်း (၂) မှာတော့ ပိုပြီးသတိထားရမယ့် အဆိပ်ပြင်း အင်းဆက်တွေ အကြောင်းနဲ့ အထူးသဖြင့် မိုးရာသီမှာ ရေကြီးရေလျှံမှုဒဏ်ကို ကြုံတွေ့ရတဲ့ ဒေသခံ ပြည်သူတွေအတွက် လက်တွေ့မှာ အသက်အန္တရာယ်ရှိတဲ့အထိ စိုးရိမ်ရတဲ့ အင်းဆက်ပိုးမွှား အန္တရာယ်တွေအကြောင်းကို ဆက်လက် ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျာ။
မြစ်ရေတိုးလို့ အိမ်ထဲရေဝင်တဲ့အခါ၊ ဒါမှမဟုတ် ရေဝပ်တဲ့ဒေသတွေမှာ နေထိုင်ရတဲ့အခါ ကင်းခြေများ၊ ကင်းမြီးကောက်နဲ့ အခြားအင်းဆက်တွေရဲ့ ခိုအောင်းရာ မြေတွင်းတွေထဲ ရေဝင်သွားတာကြောင့် အဆိပ်ရှိတဲ့ သတ္တဝါတွေဟာ ရေလွတ်ရာ လူတွေရဲ့ အိမ်အမိုး၊ အိပ်ရာ၊ အဝတ်အစားပုံတွေထဲအထိ ရွှေ့ပြောင်းခိုအောင်းလာတတ်ကြလို့ အထူးသတိထားရပါမယ်။
၆။ အရွက်စား ခူယားကောင် (Hairy Caterpillars)
မိုးရာသီမှာ အပင်တွေ အရွက်ဝေဆာလာတာနဲ့အမျှ သစ်ပင်တွေပေါ်မှာ ခူယားကောင်တွေ အလွန် ပေါက်ဖွားလွယ်ပါတယ်။ လေပြင်းတိုက်တဲ့အခါ သစ်ပင်ပေါ်က ခူယားကောင်တွေဟာ လွင့်စင်လာ တတ်ပါတယ်။ ခူယားကောင်တွေရဲ့ တစ်ကိုယ်လုံးမှာ ရှိတဲ့ အမွှေးအမျှင်တွေထဲမှာ အဆိပ်ဓာတ် (Toxin) တွေ ပါဝင်ပါတယ်။
ခူယားကောင်နဲ့ တိုက်ရိုက်ထိမိရင်ဖြစ်ဖြစ်၊ ခူယားအမွှေးတွေ အဝတ်အစားမှာ ကပ်ငြိပြီး ကိုယ်လုံးနဲ့ ပွတ်တိုက်မိရင်ဖြစ်ဖြစ် ပြင်းထန်စွာ ယားယံတာ၊ နီရဲရောင်ရမ်းတာ၊ အဖုအပိမ့်တွေ ကွက်ပြီး ထွက်လာတာတွေကို ခံစားရတတ်ပါတယ်။ လက်နဲ့ပွတ်မိပြီး မျက်စိထဲဝင်ပါက မျက်စိနာတာ၊ မျက်စိဖူးရောင် တာတွေ ဖြစ်နိုင်ပါတယ်။
ကာကွယ်တဲ့အနေနဲ့ကတော့ သစ်ပင်အောက်မှာ အဝတ်လှန်းတာမျိုး ရှောင်ကြဉ်ပါ။ အဝတ်အစားတွေ ကို မဝတ်ခင် သေချာခါပါ။ ခူယားကောင်နဲ့ ထိတွေ့မိပါက လက်နဲ့ လုံးဝမကုတ်ဘဲ တိပ် (Tape) တစ်ခုခုနဲ့ ကပ်ပြီး အမွှေးတွေကို အရင်ခွာထုတ်ပါ၊ ပြီးရင် ရေ၊ ဆပ်ပြာတို့နဲ့ စင်ကြယ်အောင် သေသေချာချာ ပြန်ဆေးကြောပြီး အခြောက်ခံပါ။ ခူယားကောင်နဲ့ ထိတွေ့မိရင် အရောင်ကျဆေး၊ အယားပြေဆေး စတာတွေနဲ့ ကုသဖို့ လိုအပ်ပါတယ်။
၇။ ပင့်ကူ (Spiders)
မိုးရာသီဆို အိမ်အပြင်ဘက်မှာ မိုးရွာပြီး အေးစိမ့်လာတဲ့အတွက် ပင့်ကူတွေဟာ နွေးထွေးပြီး အစာ (အင်းဆက်) ပေါများတဲ့ အိမ်တွင်းက မှောင်တဲ့နေရာတွေ၊ ချောင်တွေဆီ ရွှေ့ပြောင်းခိုအောင်းလေ့ ရှိကြပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ သာမန်အိမ်မှာ ခိုအောင်းနေတဲ့ ပင့်ကူအများစုဟာ အဆိပ်ပြင်း လေ့မရှိပေမဲ့ ကိုက်မိ ရင်တော့ နာကျင်တာ၊ နီရဲရောင်ရမ်းတာမျိုး ဖြစ်တတ်ပါတယ်။ တောတောင်နဲ့ နီးစပ်တဲ့ဒေသတွေမှာရှိတဲ့ ပင့်ကူအချို့ ကိုက်မိပါက အဆိပ်ကြောင့် ပျို့အန်ခြင်း၊ ဖျားခြင်း၊ ကြွက်သား တောင့်တင်းခြင်း စတဲ့ ပြင်းထန်လက္ခဏာတွေ ပြသတတ်ပါတယ်။
ပင့်ကူအန္တရာယ်ကနေ ကာကွယ်ဖို့ အိမ်တွင်းရှိ ပင့်ကူအိမ်တွေကို ပုံမှန်ရှင်းလင်းပါ။ ဖိနပ် ဝတ်ဆင် ခါနီးတိုင်း ဖိနပ်ထဲမှာ ပင့်ကူနဲ့ အခြားအင်းဆက်တွေ ခိုအောင်းနေလား သံသယထားပြီး သေချာခါပြီးမှ စီးပါ။
၈။ ကင်းခြေများ နှင့် ကင်းမြီးကောက် (Centipedes and Scorpions)
ရေကြီးတဲ့အခါ ကင်းတွေဟာ ရေမမြုပ်တဲ့ အမြင့်ပိုင်းကို ပြောင်းရွှေ့ပြီး လူနေအိမ်တွေ (အိမ်အပေါ်ထပ်၊ အမိုးအောက်၊ နံရံကပ်ဗီရို၊ အိပ်ရာခင်းအောက်နဲ့ အဝတ်အစားပုံတွေ) ထဲမှာ ဝင်ရောက်ပုန်းအောင်း ခိုအောင်းတတ်ကြပါတယ်။
ကင်းကိုက်၊ ကင်းတုပ်မိတဲ့အခါ အဆိပ်ကြောင့် ပြင်းပြင်းထန်ထန် နာကျင်တာ၊ နီရဲရောင်ရမ်းတာ၊ ကိုယ်ပူဖျားတာ၊ ပျို့အန်တာတွေကို ချက်ချင်းခံစားရတတ်ပါတယ်။ အဆိပ်နဲ့ ပြင်းထန်စွာ ဓာတ်မတည့် သူတွေ (Allergic Shock) ဖြစ်ပါက အသက်ရှူရခက်ခဲလာပြီး အသက်အန္တရာယ် ဆုံးရှုံးနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။
ကင်းကိုက်ခံရတဲ့အခါ အကိုက်ခံရတဲ့နေရာကို ဆပ်ပြာနဲ့ ရေစင်အောင် အမြန်ဆေးပါ။ နာကျင်မှု သက်သာ စေဖို့ ရေခဲကပ်ပေးပါ။ အဆိပ်ပြန့်တာ နှေးစေဖို့ ကိုက်ခံရတဲ့ အစိတ်အပိုင်းကို ငြိမ်ငြိမ်ထားပါ။ (ရှေးရိုးနည်းအတိုင်း ဓားနဲ့လှီးတာ၊ အဆိပ်စုပ်တာမျိုး လုံးဝမလုပ်ရပါ)။ ပြီးရင်တော့ ဆေးရုံဆေးခန်းပို့ပြီး ကုသရပါမယ်။
၉။ ပုရွက်ဆိတ်နီ / မီးပုရွက်ဆိတ် (Fire Ants)
ရေကြီးတဲ့အခါ ပုရွက်ဆိတ်တွေဟာ အချင်းချင်း ခန္ဓာကိုယ်ချင်းချိတ်ပြီး ရေပေါ်မှာ “ပုရွက်ဆိတ်ဖောင် (Ant Raft)” အဖြစ် စုဖွဲ့မျောပါလာတတ်ပါတယ်။ ဒီဖောင်တွေဟာ ရေလွတ်တဲ့ လူတွေရဲ့အိမ်နံရံနဲ့ ထိတွေ့မိတာနဲ့ တပြိုင်နက် အရှိန်အဟုန်နဲ့ တွားတက်လာတတ်ကြပြီး သူတို့ခိုလှုံရာအဖြစ် နေထိုင် ကြပါတယ်။ ပုရွက်ဆိတ်နီ အုပ်စုလိုက် အကိုက်ခံရပါက ပူစပ်ပူလောင်ဖြစ်ပြီး ယားယံတာ၊ အဖု အပိမ့်တွေ အစုလိုက်ထွက်တာတွေ ဖြစ်တတ်ပြီး ကလေးငယ်တွေနဲ့ အရေပြားနုသူတွေမှာ ရေကြည် ဖုကြီးတွေအထိ ဖြစ်ပေါ်ကာ ပိုးဝင်တတ်ပါတယ်။
ဒါကြောင့် ရေပြင်ပေါ်မှာ မျောနေတဲ့ ပုရွက်ဆိတ်အုံ (ပုရွက်ဆိတ်ဖောင်) တွေကို တွေ့ရင် လုံးဝ မထိ တွေ့ပါနဲ့။ ရေထဲသွားလာရပါက ဘွတ်ဖိနပ် (Rubber boots) ကို အသုံးပြုပါ။
ရေကြီးရေဝပ်ဒေသများနှင့် အိမ်တိုင်းအတွက် အထူးသတိပြုရန် လမ်းညွှန်ချက်များ
အမှောင်ထဲ လက်မနှိုက်ပါနဲ့
-ရေဝင်နေတဲ့ အိမ်ထဲက ဗီရိုအောက်၊ အဝတ်ပုံထဲ၊ အမှောင်ထောင့်တွေကို သေချာမမြင်ရဘဲ လက်နဲ့ ဒီတိုင်း နှိုက်တာ၊ စမ်းတာမျိုး လုံးဝ (လုံးဝ) မလုပ်ပါနဲ့။ တုတ်တစ်ချောင်းခုကို သုံးပြီး အရင်တို့ဆွ စစ်ဆေးပါ။
ဖိနပ်နဲ့ အဝတ်အစားများကို ခါဝတ်ပါ
-ရေဘေးဒေသမှာ ဖိနပ်ကို ဒီတိုင်း စွပ်စီးခြင်းကြောင့် ကင်းကိုက်ခံရတာ အများဆုံးဖြစ်ပါတယ်။ ဖိနပ် မစီးခင်၊ အဝတ်မဝတ်ခင် အတွင်းအပြင်လှန်ပြီး သေချာပြင်းပြင်းခါပါ။
မီးအလင်းရောင်အတွက် ဓာတ်မီး အမြဲဆောင်ထားပါ
-ညဘက် ရေထတက်တဲ့အခါ သတ္တဝါတွေ အိမ်ထဲဝင်လာတာကို မြင်နိုင်ဖို့ ဓာတ်မီး သို့မဟုတ် ဖုန်းမီးကို အလွယ်တကူ အသုံးပြုနိုင်အောင် အိပ်ရာဘေးမှာ အမြဲဆောင်ထားပါ။
ကလေးများကို ရေထဲဆော့ကစားခြင်းမှ တားမြစ်ပါ
-ရေဝပ်နေတဲ့ နေရာတွေမှာ အဆိပ်ရှိတဲ့ ကင်းတွေ၊ မြွေတွေ မျောပါ ခိုအောင်းနေနိုင်တဲ့အပြင် ယင်ကောင်ကြောင့်ဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါပိုးတွေလည်း ရှိနေနိုင်လို့ ဖြစ်ပါတယ်။
အိမ်ပတ်ဝန်းကျင်ကို ရှင်းလင်းထားပါ
-မိုးရာသီတစ်ခုလုံး အိမ်တွင်း သန့်ရှင်းရေးကို ဂရုစိုက်ခြင်း၊ ခြုံနွယ်ပိတ်ပေါင်းတွေကို ရှင်းလင်းပြီး အိမ်ထဲကို နေရောင်ခြည်နဲ့ လေဝင်လေထွက်ကောင်းအောင် လုပ်ထားခြင်းက မိသားစုကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။
အဝတ်အစား လုံလုံခြုံခြုံ ဝတ်ဆင်ပါ
-မိုးရာသီ ညနေပိုင်း အပြင်ထွက်ရင် မှက်၊ ခြင်၊ ယင် မသန်းရအောင် လက်ရှည်၊ ဘောင်းဘီရှည် ဝတ်ဆင်ပါ။ အိပ်ရာမဝင်ခင် အိပ်ရာခင်း၊ ခေါင်းအုံးတွေကို သေချာခါပြီး ခြင်ထောင်နဲ့ အိပ်စက်ပါ။ “ချက်ပြုတ်၊ ပူနွေး၊ ဖုံးအုပ်၊ ဆေး” ဆိုတဲ့အတိုင်း ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်ပါ။
ရေကြီးရေလျှံဒေသတွေမှာ ကင်းနဲ့ မြွေကိုက်ခံရပြီးနောက် အသက်ရှူကျပ်လာတာ၊ မျက်ခွံလေး လံလာတာ၊ သတိလစ်ချင်သလိုဖြစ်တာ၊ ကိုက်ခံရတဲ့နေရာထက် ကျော်လွန်ပြီး တစ်ကိုယ်လုံး နီရဲ ရောင်ရမ်းလာတာ စတဲ့ လက္ခဏာတွေ ပြသလာပါက အချိန်မဆွဲဘဲ နီးစပ်ရာ ကျန်းမာရေး စောင့်ရှောက် ပေးနေတဲ့ ဆေးရုံသို့ ရေလမ်း၊ ကုန်းလမ်း အဆင်ပြေရာနဲ့ အမြန်ဆုံး ပို့ဆောင်ကုသမှု ခံယူကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ် ခင်ဗျာ။
မိုးရာသီမှာ အားလုံးပဲ ကျန်းမာရွှင်လန်းကြပါစေ။ အင်းဆက်ပိုးမွှားများအန္တရာယ်မှ ကင်းလွတ်ကြပါစေ။ နောက်တစ်ပတ်မှာတော့ “အရေးပေါ်သန္ဓေတားနည်းလမ်းများ” အကြောင်းကို ဖော်ပြပေးမှာ ဖြစ်တာကြောင့် စောင့်မျှော်ကြပါဦး။