ဝေးဝေး
ဧရာ၀တီတိုင်းမ်
ဇွန် ၇ ရက်

ပန်းချီဆရာ အများစုက သူတို့ အနုပညာကို စတူဒီယိုထဲမှာ ဆိတ်ငြိမ်စွာ ဖန်တီးကြပါတယ်။ တချို့ကတော့ အများသူငါ သွားလာတဲ့ လမ်းတွေပေါ်မှာ ကောက်ကြောင်းတွေ ရေးကြတယ်။ တချို့ကတော့ တောင်တန်းတွေ၊ မြက်ခင်းပြင်တွေကြားမှာ စုတ်ချက်တွေ ရေးချယ်ကြတယ်။ ဂျိန်းရိုဆင်ဘာ့ဂ်ကတော့ ရာဇဝတ်မှုတွေနဲ့ လုံးထွေးရစ်ပတ်နေတဲ့ တရားရုံးထဲမှာ ပန်းချီရေးပါတယ်။

ဓာတ်ပုံရိုက်ခွင့် မပေးတဲ့ အမေရိကန်ပြည်ထောင်စုက တရားရုံးတွေထဲမှာ တရားခွင်ကို မှတ်တမ်းတင်ဖို့အတွက် ပန်းချီဆရာတွေကို ထားရှိကြရတယ်။ ဂျိန်းဟာ အဲဒီပန်းချီဆရာတွေထဲက တစ်ဦးဖြစ်ပါတယ်။ ဆံပင်ကောက်ကောက်၊ မျက်လုံးတောက်တောက်နဲ့ မျက်မှန်တပ်ထားတဲ့ သူမကိုယ်တိုင်က ပန်းချီပုံကြမ်း တစ်ချပ်လိုပါပဲ။

နယူးယောက်က Art Students League မှာ ပန်းချီပညာကို သူမ သင်ယူခဲ့တယ်။ ဘွဲ့ရပြီးတော့ နိုင်ငံတကာက ခရီးသွားတိုးရစ်တွေရဲ့ ပုံတူတွေကို တစ်ပုံတစ်ဒေါ်လာနဲ့ ရေးတယ်။ လမ်းတွေပေါ်မှာလည်း မြေဖြူနဲ့ ပန်းချီတွေ ရေးပြန်တယ်။

နောက်တော့ နယူးယောက်မြို့တော်ရဲ့ ရာဇဝတ်မှုခင်းရုံးမှာ ပန်းချီရေးပါတော့တယ်။ တရားခွင်ထဲမှာ စွဲချက် တင်ခံရတဲ့လူတွေ ထိုင်ခုံမှာ ထိုင်တာနဲ့ ဂျိန်းက စရေးတော့တာပါပဲ။ ဂျိန်းရိုဆင်ဘာ့ဂ် ရေးဆွဲခဲ့တဲ့အထဲမှာ ထင်ရှားကျော်ကြားသူတွေ အများအပြား ပါဝင်ပါတယ်။ ဒေါ်နယ်ထရမ့်နဲ့ ဟာဗေးဝင်းစတိန်းကစလို့ အခု ဆူပွက်နေတဲ့ ဂျက်ဖရေ အပ်စတိန်းအထိ သူမလက်က မလွတ်ပါဘူး။

စီးပွားရေးဆိုင်ရာ စာရွက်စာတမ်းတွေ အတုလုပ်တဲ့ အမှု ၃၄ မှုနဲ့ ဒေါ်နယ်ထရမ့် တရားရုံး ရောက်လာတာကို ဂျိန်းက ကောင်းကောင်း မှတ်မိနေပါတယ်။

“ကျွန်မလက်တွေက ကျွန်မဦးနှောက်ထက်တောင် ပိုမြန်သေးတယ်။ ခဏနေတော့ ရေးပြီးသွားတာပဲ” သူမက စားမြုံ့ပြန်ပါတယ်။

ဒေါ်နယ်ထရမ့် တရားရုံးထဲကို ဝင်မလာခင်မှာ ဂျိန်းက ကြိုရောက်နေပြီးတော့ နောက်ခံမြင်ကွင်းတွေကို ရောင်စုံခဲတောင့် (Pastel) တွေနဲ့ ကြိုရေးထားတာပါ။ ထရမ့် ရောက်လာတဲ့အခါတော့ ပုံတူကို သူမ ချက်ချင်း ကောက်ရေးပါတော့တယ်။

“အဲဒီပုံကြမ်းကို အမြန်ရေးဖို့ ၇ မိနစ်လောက်ပဲ အချိန်ရတယ်လို့ ကျွန်မထင်တယ်၊ အပြီးရေးရတာပါပဲ” လို့ သူမက ပြန်ပြောပြပါတယ်။

ဂျိန်းရေးဆွဲတဲ့ ပုံမှာ ထရမ့်ရဲ့ သဘောထားမကြီးတဲ့၊ ရန်လိုတဲ့ မျက်နှာအငွေ့အသက်ကို အမိအရ ဖမ်းဆုပ်ထားပါတယ်။

“သူ့ခေါင်းက အရမ်းရေးလို့ကောင်းတဲ့ပုံစံ။ ဆံပင်ကလည်း ဦးထုပ်လို ဖြစ်နေတယ်။ မျက်နှာကလည်း ခံစားချက်တွေ အားလုံးပေါ်တယ်။ သူ့ပုံရေးရတာ ပျော်ဖို့ကောင်းတယ်” လို့ ဂျိန်းရိုဆင်ဘာ့ဂ်က ဆိုပါတယ်။

The New Yorker မဂ္ဂဇင်းကြီးက ဂျိန်းရိုဆင်ဘာ့ဂ်ရဲ့ ဒေါ်နယ်ထရမ့်ပုံကို မျက်နှာဖုံးမှာ ဖော်ပြခဲ့ပါတယ်။ မဂ္ဂ ဇင်းရဲ့ သမိုင်းမှာ ပထမဆုံးအကြိမ် တရားရုံးမှာရေးတဲ့ ပန်းချီကားကို မျက်နှာဖုံးအဖြစ် သုံးခဲ့တာပါ။

ဓာတ်ပုံရိုက်ခွင့် မပေးတဲ့ တရားရုံးတွေမှာ ပန်းချီမှတ်တမ်းတွေက အများပြည်သူအတွက် သူတို့စိတ်ဝင်စားတဲ့ အမှုတွေကို ကြည့်ရှုဖို့ တံခါးပေါက်တွေ ဖြစ်ပါတယ်။ တရားရုံးပန်းချီဆရာတွေက သူတို့လက်ရာတွေကို သတင်းစာတွေဆီ ပြန်လည်ရောင်းချကြပါတယ်။

မာဖီးယားခေါင်းဆောင် ဂျွန်ဂေါ်တီကို ခုံရုံးမှာ ပန်းချီရေးလိုက်တာလည်း လူတွေကြားထဲ ပေါက်သွားခဲ့ပါသေးတယ်။ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို ပြည့်တန်ဆာလုပ်မှုမှာ ပါဝင်တဲ့ ဂျက်ဖရေ အပ်စတိန်းရဲ့ အမှုတွဲ ဂီလိန်းမက်စ်ဝဲလ်ကိုလည်း ဂျိန်းက ပုံရေးခဲ့တယ်။

မက္ကဆီကိုက ကမ္ဘာ့အကြီးဆုံး မူးယစ်ရာဇာ “အယ်လ်ချာပို” ဂွတ်ဇ်မင်း၊ လိင်မှုရေးရာ ရှုပ်ထွေးတဲ့ အနုပညာရှင် ဘီလ်ကရော့စ်ဘီ၊ Beatles အဖွဲ့က ဂျွန်လန်နွန်ကို လုပ်ကြံတဲ့ မာ့က်ဒေးဗစ်ချပ်မင်းတို့ကိုလည်း သူမ မှတ်တမ်းတင်ခဲ့ပါတယ်။ သူမရေးတဲ့အထဲမှာ ဂျော့ဖလွိုက် သေဆုံးမှုမှာ တာဝန်ရှိတဲ့ ရဲဝန်ထမ်း ဒဲရက်ချော်ဗင်လည်း ပါဝင်ပါတယ်။

ဂျိန်းရဲ့ အတွေ့အကြုံမှာ အမှတ်တရဖြစ်စရာတွေလည်း ရှိပါတယ်။ မာဖီးယားခေါင်းဆောင် ဂျွန်ဂေါ်တီက သူ့ရဲ့ မေးနှစ်ထပ်ကို ထည့်မရေးဖို့ ဂျိန်းရိုဆင်ဘာ့ဂ်ကို တောင်းဆိုခဲ့တယ်။ ထိပ်ပြောင်နေတဲ့ လူအများစုကတော့ သူတို့ကို ညှာညှာတာတာ ဆွဲပေးဖို့ တောင်းဆိုကြပါသတဲ့။

“ဆံပင်ထည့်ဆွဲပေးဖို့ အမြဲပြောကြတယ်” လို့ ဂျိန်းက ဆိုပါတယ်။

ဂျိန်းရဲ့ ခင်ပွန်းက ရှေ့နေတစ်ယောက်ပါ။ သူတို့နှစ်ယောက် တရားရုံးမှာပဲ တွေ့ဆုံပြီး ချစ်ကျွမ်းဝင်ခဲ့ကြတာ။ တရားရုံးမှာ ပန်းချီရေးရတာ ဝီရိယလိုအပ်တယ်၊ မနက် ၄ နာရီဆိုရင် အိပ်ရာကထတယ်။ သူ့အိတ်ထဲမှာ ခဲတံတွေ၊ ရောင်စုံခဲတောင့်တွေနဲ့အတူ မှန်ပြောင်းတစ်လက်တောင် ပါသေး။ လိုအပ်ရင် အနီးကပ်ဆွဲကြည့်ဖို့ပေါ့။ ညနေ အိမ်ပြန်ရောက်ရင် နာရီဝက်လောက်ကြာအောင် သူ့ပစ္စည်းတွေကို စနစ်တကျ ပြန်ရှင်းရတယ်လို့ သူမက ဆိုတယ်။

တကယ်တော့ ဂျိန်းက ဒြပ်မဲ့ပန်းချီတွေ ရေးချင်သူပါ။ သူမက ဝီလျံဒီကူးနင်းကို သဘောကျတယ်။ ဂျိန်းရဲ့ ဒြပ်မဲ့ပန်းချီတွေကလည်း ပညာရှင်တွေ ကြိုက်ကြပါတယ်။ လူအများစုကတော့ သူမကို တရားရုံးပန်းချီဆရာမအဖြစ်ပဲ လူသိများပါတယ်။ တရားရုံးမှာ ပန်းချီရေးတာလည်း နှစ်ပေါင်း ၄၀ ကျော်ခဲ့ပါပြီ။ The New Yorker၊ NBC၊ ABC News၊ CNN၊ Fox News၊ The New York Times၊ The Guardian တို့က သူမအကြောင်းကို ရုပ်ပုံလွှာတွေ ဖော်ပြခဲ့ကြပါတယ်။

တရားခွင်ကို ရောက်လာတဲ့ စွပ်စွဲခံရသူတိုင်းကို စီရင်ချက်မချခင်မှာ အပြစ်ကင်းမဲ့သူလို့ မှတ်ယူတယ်လို့ သူမက ပြောပါတယ်။ ပုံတူရေးတဲ့အခါမှာလည်း ခံစားချက်ကို ဘေးဖယ်ပြီး ပရော်ဖက်ရှင်နယ်ကျကျ ရေးတယ်လို့ ဂျိန်းက ဆိုတယ်။ ဒါပေမဲ့ ကိုယ့်သားနှစ်ဦးကို ရေနှစ်သတ်တဲ့ တောင်ကယ်ရိုလိုင်းနားက ဆူဇန်စမစ်ရဲ့ အမှုမှာတော့ ခံစားချက်ကို မထိန်းချုပ်နိုင်ခဲ့ဘူးလို့ သူမက ရင်ဖွင့်ပါတယ်။

“စိတ်သိပ်မလှုပ်ရှားအောင် ကျွန်မထိန်းပါတယ်။ (ရေးနေတဲ့ ပုံပေါ်ကို) မျက်ရည်တွေ ကျသွားရင် မကောင်းဘူး။ ကြောက်စရာတွေကို အများကြီး ကြားခဲ့ရပါတယ်။ မှုခင်းဓာတ်ပုံတွေလည်း အများကြီး ကြည့်ဖူးပါတယ်” လို့ သူမက ဆိုတယ်။

“၄၁ နှစ်လောက် လူဆိုးတွေနဲ့ အဖြစ်ဆိုးတွေကို တွေ့ခဲ့ရတာပေါ့”

(The Guardian က My Life is Weird: the Court Artist Who Drew Ghislaine Maxwell Drawing Her Back၊ ABC News က A Lot of Expression: Court Room Sketch Artist Jane Rosenberg Talks Drawing Trump at His Arraignment နဲ့ အခြားဆောင်းပါးများက အချက်အလက်တွေကို ယူပြီးပြန်ရေးပါတယ်။)

#နိုင်ငံတကာခေတ်ပြိုင်ရုပ်ပုံလွှာများ #ပြစ်မှုများကိုပန်းချီရေးသူ #ဝေးဝေး #အက်ဆေး #Ayeyarwaddy_Times

မှတ်ချက်။ ။ “ကမ္ဘာတစ်လွှားက လူသားတို့၏ ထူးခြားသော ဘဝပုံရိပ်များ” ကို ဧရာဝတီတိုင်းမ် ပရိသတ်များအတွက် (၂) ပတ်လျှင် တစ်ကြိမ်၊ တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမည့် “နိုင်ငံတကာ ခေတ်ပြိုင်ရုပ်ပုံလွှာများ” အစီအစဉ်သစ် ဖြစ်ပါသည်။ ယခုကဏ္ဍတွင် ထင်ရှားကျော်ကြားသူများအကြောင်းထက် ကမ္ဘာ့အနှံ့အပြား၌ ထူးခြားသော ဖြတ်သန်းမှု၊ ရုန်းကန်မှုများနှင့်အတူ ဘဝကို အဓိပ္ပာယ်ရှိရှိ ပုံဖော်နေကြသည့် လူသားတစ်ဦးချင်းစီ၏ ပရိုဖိုင်များကို ရသအက်ဆေးပုံစံဖြင့် တင်ဆက်သွားမည် ဖြစ်ပါသည်။