ဧရာဝတီတိုင်းမ်
ဇွန် ၇ ရက်

ပဲခူးတိုင်းအနောက်ခြမ်း၊ ဥသျှစ်ပင်မြို့နယ်၊ ပန်းတောင်းတပ်နယ်အတွင်း ရွေးတုအစိုးရစစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲများ ပြန်လည်ပြင်းထန်လာပြီး ရွေးတုအစိုးရစစ်တပ်ဘက်မှ အထိနာလျက်ရှိသည်။

ဆင်လန်စခန်း၏ အရှေ့ဘက် စမ်းပက်လက်အလွန် ၂၇ မိုင်လမ်းဆုံရှိ ရွေးတုအစိုးရစစ်တပ်၏ ပွိုင့် ၂၁၇ စခန်းကုန်းကို ပြီးခဲ့သည့် ဇွန် ၄ ရက်နေ့မှစတင်ကာ AA နှင့် ပူးပေါင်းတပ်ဖွဲ့များက အလစ်အငိုက် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သဖြင့် ဇွန် ၅ ရက်နေ့အထိ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ တပ်ဖွဲ့ဝင် ၂၀ ဝန်းကျင်ခန့် သေဆုံးခဲ့ပြီး ဒဏ်ရာအပြင်း အထန်ရရှိသည့် တပ်ဖွဲ့ဝင်များကို အရပ်သုံးမော်တော်ယာဉ်များဖြင့် ပြည်မြို့အထိ သယ်ဆောင်သွား ကြောင်း သိရသည်။

“ပဲခူးတိုင်းအနောက်ခြမ်း ရန်ကုန်-ပြည်လမ်းတစ်လျှောက်မှာတော့ တော်လှန်ရေးတပ်တွေ မြေပြင် စိုးမိုးမှု အားကောင်းနေဆဲဖြစ်ပြီး အကြမ်းဖက်တပ်ရဲ့ စစ်ကြောင်းကြီးတွေနဲ့ ရင်ဆိုင်တိုက်ပွဲဆင်နွှဲ နိုင်သလို စစ်ကြောင်းငယ်အဖွဲ့တွေကိုလည်း အမှည့်ခြွေ ခြွေနေဆဲပဲဖြစ်ပါတယ်” ဟု စစ်ရေးသတင်း ရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

AA တပ်များ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည့် ၂၇ မိုင်ဒေသသည် ကပစ-၆ အခြေစိုက်ရာ ညောင်ခြေထောက်နှင့် ချောင်းသုံးခွလမ်းဆုံတွင် တည်ရှိသည့်အတွက် AA တပ်များသည် ဥသျှစ်ပင် မြို့အနီးအထိ နီးကပ်လာပြီ ဖြစ်သည်။

AA တပ်များ စိုးမိုးထားသည့် ညောင်ကျိုးရိုးပေါ်တွင်လည်း ထိတွေ့တိုက်ပွဲများ ပြင်းထန်နေခဲ့ပြီး ညောင်ကျိုးဗျူဟာစခန်းကုန်းကို ပြန်လည်ရယူရန် စစ်တပ်က လေလာတောင်ကြောဘက်မှ စစ်ကြောင်း များ စေလွှတ်နေသည့်အတွက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။

ထို့ပြင် စစ်အခြေစိုက်ခြေကုပ်စခန်းသဖွယ် ပြုလုပ်လာသည့် ကပစ-၁၆ အနီးကိုလည်း AA က တပ်ဖြန့်ထားနိုင်သည့်အတွက် စစ်တပ်ဘက်မှ လူအင်အားဖြည့်တင်းခြင်းများ ပြုလုပ်နေရသည်။ ယင်းအပြင် စစ်သုံ့ပန်းအလွယ်တကူ ဖြစ်သွားနိုင်သည့် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ၊ ရဲမေမိသားစုဝင်များကိုမူ အရေးပေါ် ပြောင်းရွှေ့ထားပြီးဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-AA Info Desk (ပုံဟောင်း)